အမ်း စက်တင်ဘာ ၁၅
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် အိတ်ခ်ျပီဗီပိုးကြောင့်ဖြစ်သော သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးခြင်း အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲ အချိန်ကမြို့နယ် ပြည်သူ့ဆေးရုံရှိ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်က အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်အတွင်းရှိသော အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံဖို့အခွင့်အရေးကြုံလာချိန်၌ မိန်းကလေးငယ်များအားလုံး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်းပြောကြားခဲ့ပြီး၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ အောင်ကျော်မိုးက ကမ္ဘာတစ်ဝန်းတွင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနှုန်းမှာ အမျိုးသမီးဦးရေ တစ်သိန်းတွင် ၁၃ ဒဿမ ၃ ဦး ရှိကြောင်းနှင့် ရောဂါကြောင့် သေဆုံးမှုမှာ ၆ ဒဿမ ၉ ဦး ရှိကြောင်း၊ သားအိမ်ခေါင်း ကင်ဆာရောဂါကြောင့် သေဆုံးသူများ ၏ ၉၀ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးမှုနည်းသော နိုင်ငံများတွင်ဖြစ်ပြီးလည်းကောင်း နိုင်ငံများတွင် ရောဂါကြောင့်သေဆုံးမှုနှုန်း မြင့်မားနေသည်ကိုတွေ့ရကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့် အသက်ငယ်ရွယ်သည့် မိန်းကလေးများတွင် သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားစေသည့် Human Papilloma Virus (HPV) သားအိမ်ခေါင်း ကင်ဆာဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်းကို ၈၃ ရာခိုင်နှုန်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ယခုထိုးနှံပေးမည့်ကာကွယ်ဆေးမှာ HPV ပိုးအမျိုးအစားလေးမျိုးကို ကာကွယ်နိုင်သည့် ကာကွယ်ဆေးဖြစ်ပြီး အဆိုပါကာကွယ်ဆေး ထိုးနှံမှုခံယူ ခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာ ရောဂါဖြစ်ပွားမှုကို ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း၊ အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်အတွင်းရှိသော အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး HPV ထိုးနှံခြင်း၊သားအိမ်ခေါင်းကင်ဆာရောဂါ လက္ခဏာများ၊ ကင်ဆာရောဂါ အဆင့်ဆင့်ဖြစ်ပွားပုံများ၊ ကာကွယ်ကုသနည်းများ၊ သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ် ဆေးထိုးနှံခြင်း (HPV)လုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံမှုများနှင့် ပတ်သက်၍ Video Clips ကို ပြသခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးမှုများကို ခရိုင်ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ အောင်ကျော်မိုးက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ ကြောင်းနှင့် အမ်းမြို့နယ်တွင် ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ထိုးနှံသွားမည်ဖြစ်ပြီး ပြည်သူအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းကိုလည်း ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးမင်းထွန်း