ကျောက်ဆည်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသ

ကျောက်ဆည် စက်တင်ဘာ  ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ညနေ(၃)နာရီက စာရေးဆရာ ခင်စောတင့် ရေးသားသည့် စွန့်စားမှုပါတဲ့ ခြေတစ်လှမ်း စာအုပ်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာဖတ်ရှိန်မြင့်မားစေရေးနှင့် ကျောင်းသား/ကျောင်းသူများ၊ စာပေချစ်မြတ်နိုးသူများ အတွေးအမြင်များဖလှယ်နိုင်ရေး၊ စာကြည်တိုက်နှင့်အကျွမ်းတဝင်ရှိရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိရေး၊ စာဖတ်ဝိုင်းများကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအတွင်းရေးမှူး သီတဂူ(ကျောက်ဆည်)က လမ်းလျှောက်ခြင်းသည် လူသားတို့၏ အကောင်းဆုံးဆေးဖြစ်ကြောင်း၊ လမ်းလျှောက်ခြင်းကြောင့် နှလုံးရောဂါ၊ သွေးတိုး၊ လေဖြတ်ခြင်း၊ဆီးချိုနှင့် သားမြတ်၊အူလမ်းကြောင်း၊ဆီးကြိတ် ကင်ဆာရောဂါများ လျော့ပါးစေကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင် ဒေါ်စန်းစိမ့်စိမ့်မိုးက အစိမ်းသက်သက်နေရာဒေသများတွင် ခြေချရာ၌ သံမဏိစည်းမျဉ်း၊ စည်းကမ်းများက တားဆီနေသလိုဖြစ်ကြောင်း၊ အရိုးစွဲနေသော ဓလေ့ထုံးစံထဲမှ ခြေတစ်လှမ်း ရှေ့ကိုတိုးလက်ခြင်းက သက်တန့်ကြီး၏ အခြားဘက်မှာရှိသော နေရာတစ်ခုဆီသို့ရောက်နိုင်ကြောင်း၊ တောင်းတမိသော လမ်းကြောင်း ပေါ်သို့ရောက်အောင် သွားရသောခရီးသည် ခပ်တိုတိုလေးဖြစ်ကြောင်း အံ့ဖွယ်တွေ့နိုင် ကြောင်း စသည့် အကြောင်းအရာများ ဆွေးနွေးခဲ့ရာ ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များ ကို ပါဝင်ဆွေးနွေးခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့မှ ပြသထားသည့် ကမ္ဘာ့အိုဇုန်းလွှာနေ့အထိန်းအမှတ်အကြောင်း၊ မီးခိုးမြူငွေ့ ဖြစ်ပွားရခြင်း၏ အကြောင်းအရင်းများနှင့်ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအကြောင်း အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း  သိရသည်။

သက်မောင်၊(ကျောက်ဆည်)