ပုသိမ်ကြီးမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ (HVP) ကာကွယ်ဆေး ထိုးနှံနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ပုသိမ်ကြီး စက်တင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HVP) ကို အသက် ၉ နှစ် ပြည့်ပြီး၊ ၁၂ နှစ် မကျော်သော မိန်းကလေးများအား ကာကွယ်ဆေး ထိုးနှံနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက အဖွင့်ပမှာစကား ပြောကြားပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာကျော်ကျော်ဇင်က ၂၀၂၃ ခုနှစ် အသက်  ၉ နှစ် ပြည့်ပြီး၊ ၁၂ နှစ် မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HVP) ထိုးနှံနိုင်ရေး အကြောင်းကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းပြောကြားရာ စက်တင်ဘာလတွင် ကျောင်းအခြေပြု ကျောင်းသူများကို ထိုးနှံပေးမည်ဖြစ်ပြီး၊ အောက်တိုဘာလတွင် ရပ်/ရွာအခြေပြု မိန်းကလေးများကို ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံရခြင်းအကြောင်း၊ ရောဂါဖြစ်ပွားမှုအကြောင်း၊ အစရှိသည်များကို ရှင်းလင်းပြောကြားခဲ့သည်။ စာသင်ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၈ ရက်ထိ ထိုးနှံပေးမည်ဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာကျော်ကျော်ဇင်နှင့် ဝန်ထမ်းများ၊ ဒုမြို့နယ်ပညာရေးမှူး ဦးဝင်းမင်းထွန်း၊ မြို့နယ်အတွင်းရှိ စာသင်ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ မိခင်ကလေးနှင့် အမျိုးသမီးရေးရာ အဖွဲ့များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို(ပြန်/ဆက်)