ရွှေကူမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

ရွှေကူ စက်တင်ဘာ ၁၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာပေမှရရှိည့် ဗဟုတသုတများကို တစ်ဦးနှင့်တစ်ဦး မျှဝေဖလှယ် ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်၍ စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ရေးသားသည့် အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်စာဖတ်ဝိုင်းပြုလုပ်ခြင်းကို စက်တင်ဘာလ ၁၄ ရက် နေ့လယ် နာရီခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ပပသိန်းက စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်ပါ အကြောင်းအရာများထဲမှ “ပညာတတ်ဖို့ စာဖတ်ရမယ်” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ လူငယ်များအနေ ဖြင့် ပထမအရွယ်တွင် ပညာရှာ ဟူသောစကားသည် ရှေးယခင်ကပင်ရှိခဲ့သည့် ဆိုရိုးစကားဖြစ်သော် လည်း ယနေ့လက်ရှိအချိန်အထိ မှန်နေဆဲဖြစ်ကြောင်း၊ ဘဝအောင်မြင်ရေးအတွက် ဆယ်တန်းအောင်ထားရုံမျှနှင့် မလုံလောက်သေးဘဲ ဘွဲ့တစ်ခုကိုတူတူတန်တန် ရရှိထားရန်လိုအပ်ပါကြောင်း၊ ပညာကိုအမှန်တကယ် လိုလားသူသည် စာအုပ်စာပေများကို အမြဲဖတ်ရှုနေကြောင်း၊ ရေတွင်းတစ်ခုတည်းကိုသာ စွဲစွဲမြဲမြဲစူးစူးစိုက်စိုက် တူးရန်လိုသကဲ့သို့ မိမိ၏ရည်မှန်းချက် ရည်ရွယ်ချက်များအား မိမိ၏အားသာချက်၊ ဝါသနာပေါ်မူတည်၍ သေချာရွေးချယ် ရှေ့ဆက်သွားသင့်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အခြေခံပညာကျောင်းများမှ စာပေချစ်မြတ်နိုးသူကျောင်းသားလူငယ်များက “အမွေ ခံတစ်ယောက် အမွေပေးသူတစ်ရာစာအုပ်ပါအကြောင်းအရာများထဲမှ ဆရာမတိုက်ကျွေးသော အားဆေးစကား “ပဉ္စာဝုဓမင်းသား၏ ဝရဇိန်လက်နက်” “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” “သူတို့ပြောတဲ့ မြန်မာအကြောင်း” “နောက်တစ်ချက် ထပ်ရိုက်ပါ” “အစွမ်းထက်သော သွက်လက်ထက်မြက်သော” “စာစီစာကုံးနှင့် ကိုယ်စွမ်းကိုယ်စ” “စိတ်ကူးလမ်းကြောင်း အပိတ်အဖွင့်” “မဖြေ နိုင်လျှင် မအောင်ချင်နှင့်” “ ချစ်သမီးလေးများအတွက်” စသည့် ခေါင်းစဉ်များဖြင့် ကိုယ်ပိုင်အတွေး အခေါ်၊ ကိုယ်ပိုင်ခံစားချက်၊ ကိုယ်တွေ့အဖြစ်အပျက်များဖြင့် ဝိုင်းဖွဲ့ဆွေးနွေးကြရာ "Book Club အဖွဲ့၀င် လူငယ်စာရေးဆရာ ဦးကျော်ရဲအောင်(သိုက်၊ရွှေကူ)က ကျောင်းသားကျောင်းသူများ၏ ဆွေးနွေးချက်များအပေါ် ထပ်ဆင့်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)