မိတ္ထီလာ သြဂုတ် ၁၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အထည်ချုပ်လုပ်ငန်းရှင်များအသင်းနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မော်တာစက်ချုပ်အခြေခံနည်းပညာသင်တန်းကို ယနေ့နံနက်က အဆိုပါသင်တန်းကျောင်းရှိ လေ့ကျင့်ပျိုးထောင်ရေးစင်တာတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌဒေါ်နန်းကေသွယ်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မိတ္ထီလာမြို့နယ်ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းတင်က ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ဒေသခံပြည်သူများအား အလုပ်အကိုင်အခွင့်အလှမ်းများ ရရှိ စေရန် ရက်ကန်းပညာအခြေခံသင်တန်းနှင့် အသက်မွေးဝမ်းကျောင်းကာလတိုသင်တန်း နှစ်မျိုးကို ဖွင့်လှစ်လျက်ရှိရာ ရက်ကန်းအခြေခံ ပညာသင်တန်းမှာဆိုရင် ချည်မျှင်နှင့် အထည်လိပ်ကျွမ်းကျင် သင်တန်း၊ စက်ရက်ကန်းသင်တန်းများကို ဖွင့်လှစ်လျက်ရှိပြီး အသက်မွေးဝမ်းကျောင်းကာလတို သင်တန်းမှာဆိုရင် အခြေခံစက်ချုပ်နည်းပညာသင်တန်း၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်း၊ စားသောက်ကုန်ထုတ်လုပ်မှုသင်တန်း၊ မော်တာ စက်ချုပ်အခြေခံနည်းပညာသင်တန်း၊ မော်တော်ဆိုင်ကယ်ပြုပြင်နည်းသင်တန်း၊ အခြေခံလျှပ်စစ်သံဂဟေ ဆက်သင်တန်းများဖွင့်လှစ်လျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်သည့် မော်တာစက်ချုပ်အခြေခံနည်းပညာ သင်တန်းကို မန္တလေးတိုင်းဒေသကြီး၊ အထည်ချုပ်လုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ ဒုတိယ အကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းသင်တန်းကို သင်တန်းသား သင်တန်းသူ ၁၀ ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ စက်တင်ဘာလ ၁၅ ရက်နေ့မှ ၂၄ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီ အချိန်အထိ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်သည်။
အဆိုပါ မော်တာအပ်ချုပ်စက်နည်းပညာသင်တန်းဖွင့်ပွဲကို မန္တလေးတိုင်းဒေသကြီး၊ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းကေသွယ်ထွန်း၊ မိတ္ထီလာမြို့နယ်ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းတင်နှင့် တာဝန်ရှိသူများ ၊ သင်တန်းသား ၂၄သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)