ဇမ္ဗူသီရိ စက်တင်ဘာ ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၈) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ဇမ္ဗူသီရိမြို့နယ်၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးနေမျိုးထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးက “လူငယ်နှင့် စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်နှင်းမမဦးက “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောဆွေးနွေးရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက မိမိတို့၏အမြင်များနှင့် ပတ်သက်၍ ပြန်လည် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဦးဆောင်၍ တိုင်းရင်းသားရိုးရာ ရုပ်ပြပုံပြင်များ၊ သုတ/ရသစုံ မဂ္ဂဇင်းများ၊ ကဗျာများအား ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ဖတ်ရှုလေ့လာခဲ့ကြပြီး လူငယ်ရေးရာနှင့် ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်သူရဦး (ပြန်/ဆက်)