မိုင်းယန်းမြို့တွင် နေရပ်ပြန် ၁၀ ဦးအား Quarantine ထားရှိဆောင်ရွက်

မိုင်းယန်း  အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့သို့ ထိုင်းနိုင်ငံမယ်ဆိုင်မြို့မှ  ပြန်လည်ဝင် ရောက်လာ သော နေရပ်ပြန်ပြည်သူအမျိုးသား (၃)ဦးနှင့် အမျိုးသမီး (၇)ဦး စုစုပေါင်း(၁၀)ဦးတို့အား အောက်တိုဘာ လ ၁၆ ရက် ည ၁၁ နာရီ အချိန်ခန့် က အငှားမော်တော်ယာဉ် (Light Truck) ဖြင့် တာချီလိတ်မှတစ်ဆင့် လာရောက် ပို့ဆောင်ပေးခဲ့ရာ တာဝန်ရှိသူများက နေရပ်ပြန် ၁၀ ဦးအား Quarantine  ထားရှိဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုနေရပ်ပြန်ပြည်သူများအနက် အသက်(၂၀)နှစ်အရွယ် အမျိုးသမီး ၂ ဦးသည် ဝမ်ခါးကျေးရွာ (အထူးဒေသ-၄) ဆီလူးဒေသမှဖြစ်ပြီး ၎င်းတို့နှစ်ဦးအား အောက်တိုဘာ ၁၇ ရက်နေ့က NDAA(မိုင်းလား)အထူး ဒေသ-၄ ဆီလူးဒေသဆက်ဆံရေးတာဝန်ခံနှင့် ဆက်သွယ်၍ လွှဲပြောင်းပေးအပ်ခဲ့သည်။

 ၎င်းတို့အနက် ကျန်(၈)ဦးအား မိုင်းယန်းမြို့နယ် မိုင်းလွေကျေးရွာအုပ်စု နမ့်မုတ်ကျေးရွာတွင် နေထိုင်သူ (၅) ဦး၊ မိုင်းလွေကျေးရွာအုပ်စု ယန်းခိုင်ကျေးရွာတွင်နေသူ (၂)ဦးတို့အား သက်ဆိုင်ရာ ကျေးရွာများရှိ အခြခံပညာ မူလတန်းကျောင်းများ၌ Quarantine ထားရှိပြီး မိုင်းယန်းမြို့ ဟိုကပ်ရပ်ကွက်တွင်နေထိုင်သူ (၁)ဦးအား သီးခြား အဆောက်အဦ အလွတ်တွင်ထားရှိကာ နှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာများအားရယူ၍ ဓါတ်ခွဲပေးပို့စစ်ဆေး နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ထွန်းထွန်းထူး(ပြန်/ဆက်)