ဇေယျာသီရိမြို့နယ်တွင် သက်သာသောဈေးနှုန်းဖြင့် ဆန် ၂၄ ပြည်အိတ် ၁၀၀ အား ရပ်ကွက်/ ကျေးရွာများအရောက် ရောင်းချပေး

ဇေယျာသီရိ စက်တင်ဘာ ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာ-ကိုရီးယားဆန်စက်တို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက ရပ်ကွက်/ကျေးရွာများသို့ သွားရောက်၍ ဆန်၂၄ ပြည်အိတ် ၁၀၀ အား ရောင်းချပေးခဲ့သည်။

အဆိုပါ ဆန်ရောင်းချရာတွင် ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ ဇေယျာသီရိမြို့နယ်ရှိမြန်မာ-ကိုရီးယားဆန်စက်မှ တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာအုပ်စု၊ ခေတ်အေးကျေးရွာ၊ ပုပ္ပါးကုန်းရပ်ကွက်၊ ပြည်စံအောင်ရပ်ကွက်နှင့် မအူတောကျေးရွာအုပ်စု၊ စိမ်းစားပင်ကျေးရွာတို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာ-ကိုရီးယားဆန်စက်တို့ ပူးပေါင်း၍ ဆန်တစ်ပြည်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် နှစ်ပြည်နှုန်း စုစုပေါင်း အိမ်ထောင်စု ၁၂၀၀ အတွက် ဆန် ၂၄ ပြည်အိတ် ၁၀၀ အား ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာ၌ တန်းစီစနစ်ဖြင့် ရောင်းချခြင်းမပြုလုပ်ဘဲ အိမ်ထောင်စုတစ်စုချင်းအလိုက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)