စဉ့်ကိုင် စက်တင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် အသက်(၉)နှစ်မှ (၁၂)နှစ်အထိ မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနမက်(၉)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ စဉ့်ကိုင်မြို့နယ် ကုသရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးလွင်မှ အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ကျန်းမာရေးမှူး ဦးအောင်ကျော်သင်းမှသားအိမ်ခေါင်းကင်ဆာရောဂါနှင့် ပတ်သက်၍ သိထားသင့်သည့် ဆိုးကျိုးများနှင့် အချိန်မီ ကာကွယ်တားဆီးနိုင်ရန် ကာကွယ်ဆေးထိုးနှံမှုများ ပြုလုပ်ကြရန်၊ မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးစတင်ထိုးနှံမှုနှင့် ကာကွယ်ဆေး လွမ်းခြုံမှု အခြေအနေ၊ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်မည့် အစီ အစဉ်များ၊ သာအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုအခြေအနေနှင့် ရောဂါလက္ခဏာများ၊ သာအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး မထိုးသင့်သော အခြေအနေများ၊ သားအိမ်ခေါင်း ကင်ဆာရောဂါ(HPV) ကာကွယ်ဆေး အကြောင်းများကို ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံခြင်းကို (၁.၉.၂၀၁၁)မှစ၍ (၃၁.၈.၂၀၁၄)အတွင်း မွေးဖွားသော ကျောင်းနေအရွယ် မိန်းကလေးများကို ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ရာ ပထမအဆင့်အနေဖြင့် ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့ထိလည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် ပြည်သူလူထုအခြေပြု ကာကွယ်ဆေး ထိုးနှံခြင်းကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။ အဆိုပါ သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး ထိုးနှံနိုင်ရေး လုင်ငန်းညှိနှိုင်း အစည်းအဝေးသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပညာရေးဌာနမှ ဆရာကြီး၊ ဆရာမကြီးများနှင့် မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော့မူယာမောင်