မြစ်ကြီးနား စက်တင်ဘာ ၁၅
ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရေးနှင့် ကုန်ဈေးနှုန်းကြီးမြှင့်မှုကို ထိန်းချုပ်၍ ပြည်သူများ ဝန်ထုတ်ဝန်ပိုးမဖြစ်ပေါ်စေရေး ကချင် ပြည်နယ်အစိုးရအဖွဲ့၏စီမံမှုဖြင့် မြစ်ကြီးနားမြို့ အပါအဝင် ခရိုင်မြို့ကြီးများအားလုံးတွင် အခွန်လွတ်ဈေး၊ သက်သာဈေးများဖွင့်လှစ်၍ ပြင်ပပေါက် ဈေးနှုန်းထက် ပိုမိုချိုသာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ဈေး၌ အခြေခံစားသောက်ကုန်များကို ရောင်းချပေးလျက်ရှိသည်။
ထိုသို့ ရောင်းချပေးနေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သက်သာဈေးတွင် စည်ပင်သာယာရေး အဖွဲ့မှ ကြက်၊ ဝက်၊ အမဲ၊ ငါးများ ရောင်းချပေးနေမှု၊ ပြည်နယ်ဆန်ကုန်သည်ကြီးများ အသင်းမှ မှော်ဘီဆန်ရောင်းချပေးနေမှု၊ ကချင်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီလက်လီရောင်းချပေးနေမှု၊ ဌာနဆိုင်ရာများ၊ သမဝါယမအစုအဖွဲ့များ၊ ကိုယ်တိုင်စိုက်ပျိုး ရေးထုတ်လုပ်သူများက ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက် များအား ပြည်သူများ စနစ် တကျ စီတန်းဝယ်ယူနေမှုတို့ကို ရင်းရင်းနှီးနှီးလိုက်လံအားပေးနှုတ်ဆက်ခဲ့ကြပြီး ဝယ်ယူရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို မေးမြန်းဖြေရှင်းပေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများ အဆင်ပြေ လွယ်ကူစွာဝယ်ယူနိုင်ရေး စီမံဆောင်ရွက်ပေး သွားရန်၊ စားသုံးဆီများအား ရပ်ကွက်နေ ပြည်သူအားလုံးဝယ်ယူရရှိနိုင်ရေး စနစ်တကျရောင်းချပေးရန်၊ ဟင်းသီးဟင်းရွက်နှင့် သား/ငါးများ အား စားသုံးသူအန္တရာယ်ကင်းရှင်းစေရေး စစ်ဆေးဆောင်ရွက်ပြီးမှ ရောင်းချသွားနိုင်ရေး တာဝန်ရှိသူ များအား မှာကြားခဲ့သည်။
အဆိုပါ သက်သာစျေးတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန် တစ်ပြည်လျှင် ငွေကျပ် ၃၀၀၀ နှုန်း၊ ပဲဆီတစ်ပိဿာလျှင် ငွေကျပ် ၁၆၀၀၀၊ စားအုံးဆီ တစ်ပိဿာလျှင်ငွေကျပ် ၄၇၅၀ နှုန်း၊ မုန်ညှင်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် လည်းကောင်း၊ ဝက်သား၊ အမဲသား၊ ကြက်သား၊ ငါး၊ ကြက်ဥ၊ နို့ဆီနှင့် ဟင်းသီးဟင်းရွက်အမယ်စုံတို့ကို ပြင်ပပေါက်ဈေးထက် လျှော့ချ၍ ရောင်းချပေးနေခြင်းဖြစ်ပြီး မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်ဈေး ၁၀ ခုတို့တွင် တစ်ပတ်လျှင် နှစ်ကြိမ် အလှည့်ကျ လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်