မြစ်သားမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်

မြစ်သား  စက်တင်ဘာ  ၁၅

မန္တလေးတိုင်းဒေသကြီး၊   ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး(၁၂)နှစ် မကျော်သောအမျိုးသမီးငယ်များအားမြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)ထိုးနှံပေးနိုင်ရေး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ဘုန်းမြတ်ကိုမှ သားအိမ်ခေါင်းကင်ဆာရောဂါလက္ခဏများ၊ကင်ဆာရောဂါအဆင့်အဆင့်ဖြစ်ပွားပုံများ၊ ကာကွယ်ကုသနည်းများ၊(HPV)ပိုးနှင့် ကင်ဆာရောဂါဆက်စပ်ပုံများ အကြောင်းနှင့် သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ရေးစာရင်းကောက်ယူနိုင်ရန် ရှင်းလင်းပြောကြားပြီး မြို့နယ်ကျန်းမာရေးမှူး ဦးသိန်းလှိုင်မှ ဌက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါများကို ကူးစက်မှုပပျောက်ရေးအကြောင်းနှင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးတစ်ကြိမ်ထိုးပြီးပါက (၉၅) ရာခိုင်နှုန်းကာကွယ်နိုင်ကြောင်း ထပ်ဆင့်ရှင်းလင်းဆွေးနွေးပြောကြားသည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးဌေးဝင်း၊ မြို့နယ်အတွင်းရှိ ကျောင်းများမှကျောင်းအုပ်ကြီးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဦးစီးမှူးနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ပြီး သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို သတ်မှတ်ထားသည့် စုရပ်များအလိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း  တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

ဝင်းမင်းထွန်း(မြစ်သား)