ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ရွှေလိပ်ဥဘုရားရှိ လောကနာထမတ်ရပ်နတ်ရုပ်ပုံကြီးများနှင့် အမိုးနံရံရှိ ပုဂံခေတ်နံရံပန်းချီများကို လေ့လာနိုင်

ညောင်ဦး  စက်တင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ညောင်ဦးမြို့မှ ပုဂံမြို့ဟောင်းသွားကားလမ်းဘေး ထီးလိုမင်းလိုဘုရားအရှေ့ဘက် ရွှေလိပ်ဥဂူဘုရားရှိ ထိုင်တော်မူ ဆင်းတုတော်ဘုရားဖူးမြှော်ပြီး ဂူဘုရားအတွင်းရှိ လောကနာထမတ်ရပ်နတ် ရုပ်ပုံကြီးများနှင့် မိုးနံရံများရှိ ပုဂံခေတ်နံရံပန်းချီများကို လေ့လာနိုင်ကြောင်း သိရသည်။

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ရွှေလိပ်ဥဂူဘုရားအတွင်းတွင် အလွန်ရှေးကျသည့် ပုဂံခေတ် ရေးဆွဲထားသည့် နံရံပန်းချီများနှင့် ဂူဘုရားအတွင်းရှိ ဗုဒ္ဓရုပ်ပွားဆင်းတုတော်ကြီး တစ်ဆူရှိကာ ဆင်းတုတော်ကြီး၏ ဝဲယာတွင် လောကနာထမတ်ရပ်နတ်ရုပ်ပုံကြီးများနှင့် ပုဂံခေတ် နံရံပန်းချီများစွာ လေ့လာတွေ့ရှိနိုင်သည်။ အမိုးပန်းဝိုင်းများအောက်ခံတွင် ဆေး စိမ်ရောင်တောက်ပစွာဖြင့် ထူးခြားစွာ လေ့လာတွေ့ရှိနိုင်ပေသည်။ ရွှေလိပ်ဥဂူဘုရား၏ ကပ်လျှက် ဘုရားအမှတ် (၂၅၈) ကို ဆက်လက်ဖူးမြှော်နိုင်ပြီး ဘုရားအတွင်းတွင် ရှေးဟောင်း မင်စာနှင့် ပုဂံခေတ်နံရံပန်းချီများကိုလည်း လေ့လာနိုင်ကြောင်း သိရသည်။

ရွှေလိပ်ဥဂူဘုရား၏ အနောက်ဘက်တွင် ထီးလိုမင်းလိုဘုရား၊ အနောက်မြောက်ဘက်တွင် စတုမုခဘုရား၊ သူငယ်တော်ဘုရား၊ မြောက်ဘက်တွင် သိကြားပုန်း၊သိကြားဟစ်ဘုရား၊ အရှေ့ဘက်တွင် ရွှေလိပ်တူးဘုရားနှင့် အရှေ့ဘက်ကပ်လျှက် ဘုရားအမှတ် (၂၅၈)တို့ကို တဆက်တည်း လေ့လာဖူမြှော်နိုင်ကြောင်း သိရသည်။

ဒီပါလင်း