နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ မိုးညှင်းခရိုင်အတွင်း လူထုနှင့်တွေ့ဆုံ၊ အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်း၌ သင်ကြားရေးလုပ်ငန်းများဆောင်ရွက်မှုနှင့် မိုးညှင်းတက္ကသိုလ် (၃)ထပ် စာသင်ဆောင်သစ် ဥဿဖရားဆောင်နှင့် မြရတနာဆောင်များအား ဖွင့်လှစ်ပေး

မိုးညှင်း စက်တင်ဘာ ၁၅

ကချင်ပြည်နယ်၌ ရောက်ရှိနေသော နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ဗန်းမော်မြို့မှ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့သို့ ယမန်နေ့နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် ရောက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအသင်း/အဖွဲ့များက ကြိုဆိုကြသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် မိုးညှင်းမြို့ မြို့တော်ခန်းမ၌ ခရိုင်အတွင်းရှိ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ကုန်သည်လုပ်ငန်းရှင်အသင်း အဖွဲ့များ၊ MSME လုပ်ငန်းရှင်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သည့် ကျေးရွာလုပ်ငန်းစီမံကိန်းအဖွဲ့များနှင့် ပရဟိတအသင်းအဖွဲ့များ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပသည်။

ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်ကို ရေးဆွဲချမှတ်ပြီး နိုင်ငံတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေး၊ ပြည်တွင်းထုတ်ကုန်များ တိုးတက်မြှင့်မားရေး MSME လုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်ပေးရေး၊ ကျန်းမာကြံ့ခိုင်ပြီး ပညာရည် ပြည့်ဝသော၊ ဗလငါးတန်နှင့် ပြည့်စုံသော အနာဂါတ်လူငယ်များ လေ့ကျင့်မွေးထုတ်ပေးနိုင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလို ရေခံမြေခံကောင်းမွန်ပြီး စိုက်ပျိုးရေးဖြစ်ထွန်းသည့် မိုးညှင်းဒေသခံ ပြည်သူများအနေဖြင့်လည်း မိမိတို့ဒေသတွင်း စိုက်ပျိုး‌ရေးလုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူတစ်ဦးချင်းစီက အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် မြို့မိမြို့ဖများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့်‌ ဒေသခံ ပြည်သူများက မိုးညှင်းခရိုင်ပြည်သူ့ဆေးရုံအား ခရိုင်အဆင့်နှင့် လျှော်ညီသည့် ကုတင်(၂၀၀) ဆံ့ ပြည်သူ့ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ရေး၊ ဒေသခံလူငယ်လူရွယ်များအတွက် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းတိုးချဲ့ဖွင့်လှစ်ပေးနိုင်ရေး၊ မော်ဟန်ကျေးလက်ကျန်းမာရေး ဆေးပေးခန်းအား မူးယစ်ဆေးဖြတ်စခန်းအဖြစ် ယာယီအသုံးပြုခွင့်ပြုပေးနိုင်ရေး၊ ပင်းဟဲကျေးရွာ အ.ထ.ကခွဲ ကျောင်းဆောင်ဟောင်းအား ဖျက်သိမ်းခွင့်ပြုနိုင်ရေး၊ ဆရာ/ ဆရာမများ အိမ်ရာဆောက်လုပ်ပေးနိုင်ရေးစသည့် လိုအပ်ချက်များကို တင်ပြကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မိုးညှင်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းစီမံကိန်းများချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ပြည်နယ်၏ စပါးချီအဖြစ် စိုက်ပျိုးရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် သွင်းအားစုများ ပံ့ပိုးပေးနိုင်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေမှ စိုက်ပျိုးမွေးမြူရေးနှင့် MSME လုပ်ငန်းများအတွက် ထပ်မံပံ့ပိုးကူညီပေးနိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကို ဖြည့်စွက် ရှင်းလင်းပြောကြားသည်။

တင်ပြဆွေးနွေးမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က မိုးညှင်း‌ဒေသသည် ပြည်နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းကို တိုးတက်ဖြစ်ထွန်းစေသည့်အပြင် ယခုလို လူငယ်များ၏ ပညာရေးအတွက် လိုလားစွာတောင်းဆိုမှုများကို မိမိတို့အနေဖြင့် ပိုမိုအားပေးထောက်ပံ့သွားရမည် ဖြစ်ပါကြောင်းနှင့် လိုအပ်ချက်များအပေါ် သက်ဆိုင်ရာဝန်ကြီးဌာန၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းပေးနိုင်ရေး ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်း(မိုးညှင်း)၌ ကျောင်းအုပ် ဒေါက်တာကျော်ကျော်မြင့်နှင့် ဆရာ/ဆရာများက  ကျောင်းသား/သူများအား IBPD Centre ၌ သင်ကြားနေမှုနှင့် အင်္ဂလိပ်စာစွမ်းရည်သင်ကြားနေမှု များနှင့် စပ်လျဉ်း၍  လိုက်လံရှင်းလင်းပြသမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းသား/သူများ၏ သင်ကြားရေးဆိုင်ရာများအတွက် လက်တွေ့စွမ်းရည်ပြသထားသည့် Project များအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ထိုမှတစ်ဆင့် မိုးညှင်းတက္ကသိုလ်၌ အသစ်တည်ဆောက်ပြီးစီးသည့် (၃)ထပ်စာသင်ဆောင်များ ဖွင့်ပွဲသို့ တက်ရောက်ပြီး ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၅၇၄)သန်းဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် (၃)ထပ် စာသင်ဆောင်သစ် ဥဿဖရားဆောင်ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မိုးညှင်းတက္ကသိုလ် အတွက် ထောက်ပံ့ငွေများကို ပေးအပ်သည်။

ဆက်လက်၍ အဆိုပါတက္ကသိုလ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေ ရင်းရန်ပုံငွေကျပ်(၇၈၂.၁၀)သန်းဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် (၃)ထပ်စာသင်ဆောင်သစ် မြရတနာဆောင်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပါမောက္ခချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်