ဗန်းမော် စက်တင်ဘာ ၁၅
ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် (၇)မိုင်အောင်သာကျေးရွာအား ဝက်မွေးမြူရေး စံပြကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၈ နာရီခွဲ အဆိုပါ ကျေးရွာရှိ ဝက်မွေးမြူရေးလုပ်ငန်းများအား သွားရောက်ကွင်းဆင်း စစ်ဆေးကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါကျေးရွာအတွင်းရှိ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေကျပ် သိန်း(၃၀၀) ရင်းနှီးမတည်ပေးမှုဖြင့် မွေးမြူရေး တောင်သူဦးအားချွမ် (မိသားစု)၏ ဘက်စုံစိုက်ပျိုးရေးခြံ၌ အသားတိုးဝက်ကောင်ရေ (၆၄)ကောင် မွေးမြူထားရှိမှု အခြေအနေနှင့် ဝက်သားပေါက်များ တိုးပွား၍ စီးပွားဖြစ်ထွန်းလာမှု အခြေအနေများနှင့် ငါးခူနှင့် တီလားဗီးယားငါးများ မွေးမြူဖြစ်ထွန်းမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့အတူ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်သိန်း ၂၀၀ မတည်ရင်းနှီးပေးမှုဖြင့် အစုအဖွဲ့ပိုင် မွေးမြူရေးအဖြစ် တောင်သူမခေါ်ကြူဆုန်း၏ ဝက်ခြံ၌ ဝက်ကောင်ရေများ တိုးပွားလာမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ထောက်ပံ့ငွေများ ပေးအပ်ကာ ဝက်မွေးသူများ လိုအပ်လျက်ရှိသည့် ဝက်စာဖွဲနုရရှိရေး ဒေသတွင်း ဆန်စက်များနှင့် ချိတ်ဆက်၍ လွယ်ကူစွာ ဝယ်ယူရရှိရေး၊ ဝက်သားပေါက်များ ရောင်းချပေးနိုင်ရေး၊ သက်သာဈေးများတွင် ရောင်းချနိုင်ရေးတို့ အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗန်းမော်မြို့ရှိ ကချင်စာပေနှင့်ယဉ်ကျေးမှု အသင်းပိုင်ဝင်းအတွင်း တည်ဆောက်ထားသည့် ဗန်းမော်ခရိုင် မနောတိုင်၊ မနောရင်ပြင်နှင့် မုခ်ဦး တည်ဆောက်နေမှု အခြေအနေများနှင့် အဆိုပါ မနောတိုင်၊ မနောရင်ပြင်နှင့် မုခ်ဦးဖွင့်ပွဲနှင့် အင်လုံ အင်နန်ရှား ရိုးရာကောက်သစ်စား ဆွတ်မနောပွဲတော်အား လာမည့် နိုဝင်ဘာလပိုင်းတွင် ကျင်းပ ပြုလုပ်နိုင်ရေး ဆောင်ရွက်သွားမည့်အစီအစဉ်များနှင့် စပ်လျဉ်း၍ ပွဲတော်ဖြစ်မြောက်ရေးကော်မတီ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်