လှည်းကူးမြို့နယ်တွင် မြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

လှည်းကူး စက်တင်ဘာ ၁၅

သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာတစ်ဝှမ်းတွင် အမျိုးသမီးများ၌ စတုတ္ထမြောက်ဖြစ်ပွားမှုများပြီး အသက်ဆုံးရှုံးမှုများသည့် ရောဂါဖြစ်သည့်အတွက် အဆိုပါရောဂါကို ကာကွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ရာ လုပ်ငန်းစဥ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲဝင် (၂) ဦးခင်ဇော်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ဆရာဝန်ကြီး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသောင်းဒန်ဦးက သားအိမ်ခေါင်းရောဂါကာကွယ်ဆေးကို ထိုးနှံပေးမည့် အမျိုးသမီးငယ်များ၏ အသက်အပိုင်းအခြားမှာ အသက် ၉ နှစ်ပြည့်ပြီးမှ ၁၂ နှစ် မကျော်သော အရွယ်ရှိရမည်ဖြစ်ကြောင်း၊ ဆေးအမျိုးအစားမှာ WHO မှ အသိအမှတ်ပြုထားသည့် Gardasil အမည်ရှိ အရည်အသွေးကောင်းမွန်သည့် ဆေးဖြစ်ကြောင်း၊ ပြင်ပတွင်ထိုးနှံပါက ကုန်ကျစရိတ်များပြားသည့်အတွက် နိုင်ငံတော်မှ အခမဲ့အစီအစဥ်ဖြင့် ကျောင်းအခြေပြုထိုးနှံရာတွင်လည်းကောင်း၊ ရပ်ရွာအတွင်း အခြေပြုထိုးနှံရာတွင်လည်းကောင်း မပျက်မကွက်ထိုးနှံသွားရန် တိုက်တွန်းလိုကြောင်း၊ အခြေခံပညာကျောင်းများအနေဖြင့် ကာကွယ်ဆေးထိုးနှံရန် အသက်ပြည့်မီသူများအား သတ်မှတ်ပုံစံများဖြင့် စာရင်းကောက်ယူပေးထားရန် လိုကြောင်းကျောင်းအုပ်ကြီးများမှ ကာကွယ်ဆေးထိုးနှံရမည့် အမျိုးသမီးငယ်များ မကျန်ရှိစေရေး စာရင်းကောက်ယူခြင်းနှင့် နှိုးဆော်ပေးခြင်းများကို ဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်ပြီး ကျောင်းကျန်းမာရေးဆရာမကြီး ဒေါ်ကြည်ကြည်လွင်နှင့် ကျန်းမာရေးမှူးအဆင့် (၁) ဒေါ်အေးအေးနိုင်တို့က ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဥ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက သားအိမ်ခေါင်းကင်ဆာရောဂါနှင့် ပတ်သက်၍ သိလိုသည်များ၊ ကာကွယ်ဆေးနှင့် ပတ်သက်သည့် လိုက်နာဖွယ်ရာများ၊ ကာကွယ်ဆေးထိုးအစီအစဥ်နှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့ (ပြန်/ဆက်)