မင်္ဂလာတောင်ညွန့် မြို့နယ်တွင် မြို့နယ်အဆင့်သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

မင်္ဂလာတောင်ညွန့် စက်တင်ဘာ ၁၅

သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာတစ်ဝှမ်းတွင် အမျိုးသမီးများ၌ စတုတ္ထမြောက်ဖြစ်ပွားမှုများပြီး  အသက်ဆုံးရှုံးမှုများသည့် ရောဂါဖြစ်သည့်အတွက် အဆိုပါရောဂါကို ကာကွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ရာ လုပ်ငန်းစဥ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့  နေ့လယ် ၂ နာရီအချိန်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးရာတွင် ရှေးဦးစွာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဥမ္မာမြင့်က သားအိမ်ခေါင်းရောဂါကာကွယ်ဆေးကို ထိုးနှံပေးမည့် အမျိုးသမီးငယ်များ၏ အသက်အပိုင်းအခြားမှာ အသက် ၉ နှစ် ပြည့်ပြီးမှ ၁၂ နှစ် မကျော်သော အရွယ်ရှိရမည်ဖြစ်ကြောင်း၊ ဆေးအမျိုးအစားမှာ WHO မှ အသိအမှတ်ပြုထားသည့် Gardasil အမည်ရှိ အရည်အသွေးကောင်းမွန်သည့် ဆေးဖြစ်ကြောင်း၊ ပြင်ပတွင်ထိုးနှံပါက ကုန်ကျစရိတ်များပြားသည့်အတွက် နိုင်ငံတော်မှ အခမဲ့အစီအစဥ်ဖြင့် ကျောင်းအခြေပြုထိုးနှံရာတွင်လည်းကောင်း၊ ရပ်ရွာအတွင်းအခြေပြု ထိုးနှံရာတွင်လည်းကောင်း၊ မပျက်မကွက်ထိုးနှံသွားရန် တိုက်တွန်းလိုကြောင်း၊ အခြေခံပညာကျောင်းများအနေဖြင့် ကာကွယ်ဆေးထိုးရန် အသက်ပြည့်မီသူများအား သတ်မှတ်ပုံစံများဖြင့် စာရင်း​ကောက်ယူ​ပေးထားရန်လိုကြောင်း၊ ကျောင်းအုပ်​​ကြီးများမှ ကာကွယ်ဆေးထိုးနှံရမည့် အမျိုးသမီးငယ်များ မကျန်ရှိစေလိုကြောင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အနေဖြင့်လည်း ရပ်ရွာအတွင်းကာကွယ်ဆေးထိုးနှံရမည့် အမျိုးသမီးငယ်များ မကျန်ရှိစေရေး စာရင်းကောက်ယူခြင်းနှင့် နှိုးဆော်ပေးခြင်းများကို ဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်​ရောက်လာကြသည့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊  အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက သားအိမ်ခေါင်းကင်ဆာရောဂါနှင့် ပတ်သက်၍ သိလိုသည်များ၊ ကာကွယ်ဆေးနှင့်ပတ်သက်သည့် လိုက်နာဖွယ်ရာများ၊ ကာကွယ်ဆေးထိုးအစီအစဥ်နှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ချစ်သဲ (ပြန်/ဆက်)