ရသေ့တောင် စက်တင်ဘာ ၁၅
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းရှိ အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်အတွင်းရှိသော အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး HPV ထိုးနှံခြင်း မြို့နယ်အဆင့် အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံရှိ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်လင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်မြင့်ဦးက ကမ္ဘာတစ်ဝန်းတွင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနှုန်းမှာ အမျိုးသမီးဦးရေ တစ်သိန်းတွင် ၁၃ ဒဿမ ၃ ဦး ရှိကြောင်းနှင့် ရောဂါကြောင့်သေဆုံးမှုမှာ ၆ ဒဿမ ၉ ဦး ရှိကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါကြောင့် သေဆုံးသူများ၏ ၉၀ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးမှုနည်းသော နိုင်ငံများတွင်ဖြစ်ပြီးလည်းကောင်း နိုင်ငံများတွင် ရောဂါကြောင့် သေဆုံးမှုနှုန်း မြင့်မားနေသည်ကို တွေ့ရကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့် အသက်ငယ်ရွယ်သည့် မိန်းကလေးများတွင် သားအိမ်ခေါင်း ကင်ဆာရောဂါ ဖြစ်ပွားစေသည့် Human Papilloma Virus (HPV) သားအိမ်ခေါင်း ကင်ဆာဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်းကို ၈၃ ရာခိုင်နှုန်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ယခုထိုးနှံပေးမည့် ကာကွယ်ဆေးမှာ HPV ပိုးအမျိုးအစား လေးမျိုးကို ကာကွယ်နိုင်သည့် ကာကွယ်ဆေးဖြစ်ပြီး အဆိုပါကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားမှုကို ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံမှုများနှင့် ပတ်သက်၍ Video Clips ကို ပြသခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးမှုများကို မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်းနှင့် ရသေ့တောင်မြို့နယ်တွင် ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ထိုးနှံသွားမည်ဖြစ်ပြီး ပြည်သူအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာလအတွင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)