သံတွဲ စက်တင်ဘာ ၁၄
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲကို စက်တင်ဘာလ ၁၀ ရက်နေ့၊ နံနက် ၉ နာရီက သံတွဲမြို့၊ ဒွါရာဝတီမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်၊ သံတွဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်၊ ဂွမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့မိမြို့ဖ ဦးလှဟန်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ၎င်းနောက် တေးသံရှင်ဒေါ်အေးနှင်းခိုင်၊ မောင်ရဲလင်းကျော်တို့အဖွဲ့က "မြန်မာ့ဂီတလှပဝေဆာ" တေးသီချင်းအားစုပေါင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် သံတွဲမြို့နယ်မှ အဆို၊ အက ပြိုင်ပွဲဝင်(၁၀)ဦး၊ ဂွမြို့နယ်မှ (၃)ဦးတို့က အဆို၊ အကများဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်များအား ဂုဏ်ပြုဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြကြောင်း၊ အ.ထ.က(၁)နှင့် အ.ထ.က(ခွဲ)မြို့မမှ ကျောင်းသူလေးများ၏ “ချစ်စရာ့ကိုရွှေတမာ” တေးသီချင်းစုပေါင်းသီဆိုမှုဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သန့်ဇင်