We Love Kungyangon အဖွဲ့မှ ပရဟိတ လူမှုကူညီရေးအသင်းများအတွက် လိုအပ်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်း

ကွမ်းခြံကုန်း             အောက်တိုဘာ ၁၈


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ရှေ့တန်းမှပါဝင်ဆောင်ရွက်နေကြသော ကျန်းမာရေးဝန်ထမ်း များနှင့်အတူ ပူးပေါင်း ကူညီဆောင်ရွက်လျက်ရှိသည့် ပရဟိတလူမှုကူညီရေး အသင်းများအတွက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများအား ယမန်နေ့က We Love Kungyangon အဖွဲ့မှအဖွဲ့(၃)ဖွဲ့ခွဲ၍ ကျေးရွာ(၁၅)ရွာရှိပရဟိတ လူမှုကူညီရေးအသင်းများသို့ သွားရောက် လှူဒါန်း ခဲ့ကြောင်း သိရသည်။

We Love Kungyangon အဖွဲ့ မှအုပ်စု(၃)စုခွဲ၍ ကျေးရွာ(၁၅)ရွာရှိ လူမှုကူညီရေးအသင်းများသို့ တစ်သင်းလျှင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် Surgical gown (၁၀)စုံ ၊E glass လက်အိတ်(၁၀၀)ပါ(၁)ဘူး၊ Face Shield (၁၀)ခု၊ Cap  (၁၀)ခု ၊Surgical Mask (၁၀၀)ခု ၊ ORS ဓာတ်ဆား (၂၅)ထုပ် ၊ Vitamin(C) (၂၀)ကဒ် တို့ကိုသွားရောက် လှူဒါန်းခဲ့သည်။ လှူဒါန်းမှုများနှင့် ပတ်သက်ပြီး We Love Kungyangon အဖွဲ့မှတာဝန်ရှိသူတစ်ဦးက “အကိုတို့အ နေနဲ့လူနာတင်ယာဉ်ရှိတဲ့ လူမှုကူညီရေးအသင်းတွေကိုအဓိကထား ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအသင်းတွေဟာ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ ကျန်းမာရေးဝန် ထမ်း တွေနဲ့ပူးပေါင်းပြီး သံသယလူနာတွေ၊ ထိစပ်ပတ်သက်သူတွေကို ဆေးရုံပို့တာတွေ၊ Quarantine Centerတွေကို ပို့ဆောင်တဲ့အခါမှာ ကျန်းမာရေး လုံခြုံစိတ်ချရမှုရရှိစေဖို့အတွက် ကာကွယ်ရေးသုံး ပစ္စည်းတွေကို အလှူရှင်တွေရဲ့ ထောက်ပံ့မှုတွေနဲ့ တတ်နိုင်သလောက် အထောက်အကူ ဖြစ်ပါစေဆိုပြီး ကျေးရွာများ အရောက်သွား ရောက်လှူဒါန်းရခြင်းဖြစ်ပါတယ်”ဟုပြောသည်။


ထို့အပြင် မြို့ပေါ်ပရဟိတလူမှု ကူညီရေးအသင်းများဖြစ်သည့် မြင့်မြတ်သူ၊ တွဲလက်များ၊ သဒ္ဓါဖြူနှင့် မုဒိတာလူမှုကူညီရေးအသင်းများသို့လည်း ကိုဗစ်-၁၉ ရောဂါ တစ်ကိုယ်ရေကာကွယ်ရေးသုံး ပစ္စည်းများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)