မချမ်းဘော စက်တင်ဘာ ၁၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ လူငယ်ရေးရာဟောပြောပွဲနှင့် ပုံပြင်ဖန်တီးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီလွင်က ဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး လူငယ်နှင့် ထိန်းသိမ်းရမည့် စာရိတ္တမဏ္ဍိုင် ခေါင်းစဥ်ဖြင့်ဟောပြောရာတွင် ကျောင်းသားလူငယ်များအနေဖြင့် စာရိတ္တကောင်းမွန်အောင် လေ့ကျင့်ပျိုးထောင်လိုက်နာကြရမည့် အချက်များ၊ စာရိတ္တကောင်းမွန်ခြင်းဖြင့် နောင်အနာဂတ်တွင် မိမိတို့ဘဝမည်မျှမြင့်မားလာနိုင်ကြောင်းတို့ကို အသိပညာပေးဟောပြောသည်။ ထို့နောက် ကလေးစာဖတ်ခန်း၌ ရုပ်ပုံများကိုကြည့်၍ မိမိစိတ်ကူးဖြင့် ပုံပြင်ဖန်တီးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ (၅) ယောက်လျှင် တစ်အုပ်စုဖြင့် အုပ်စုလိုက်ယှဥ်ပြိုင်ကြရာ စာဖတ်ပရိတ်သတ် ကျောင်းသားကျောင်းသူ (၃၀) ဦးတို့ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို အမှတ်တရဆုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ယောရွှေနီ (မချမ်းဘော)