မိုးကောင်းမြို့၌ အခြေခံလူတန်းစားများအတွက် အခြေခံစားသောက်ကုန်များကို သက်သာဈေး အရောင်းဆိုင်ဖွင့်လှစ်ရောင်းချ

မိုးကောင်း စက်တင်ဘာ ၁၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ အခြေခံလူတန်းစားများအတွက် အခြေခံစားသောက်ကုန်များကို ယနေ့ နံနက်(၇)နာရီတွင် ဈေးကုန်းရပ်ကွက် စည်ပင်သာယာဈေးအနီး၌ သက်သာသော ဈေးနှုန်းဖြင့် သက်သာဈေးအရောင်းဆိုင် ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။

သက်သာဈေးအရောင်းဆိုင် ဖွင့်လှစ်ရောင်းချရာတွင် ဝက်သား(၃၀)ပိဿာအား တစ်ပိဿာကျပ် (၁၀၀၀၀) နှုန်းဖြင့်လည်းကောင်း၊ အမဲသားပိဿာ(၃၀)အား တစ်ပိဿာကျပ် (၁၀၀၀၀) နှုန်းဖြင့် လည်းကောင်း၊ ကြက်ဥအလုံး (၂၀၀၀) အား ငါးလုံးလျှင်ကျပ် (၁၀၀၀) နှုန်းဖြင့် လည်းကောင်း အသီးသီးရောင်းချပေးခဲ့၍ အခြားဟင်းသီးဟင်ရွက်၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်နှင့် ရုံးပတီသီးတို့ အား သက်သာဈေးနှုန်းဖြင့် ရောင်းချခဲ့ပြီး ဒေသခံပြည်သူ (၄၀၀) ဦးခန့် ကြည့်ရှုဝယ်ယူ အားပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ သက်သာဈေးအရောင်းဆိုင်ဖွင့်လှစ်ရောင်းချနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများနှင့် လုံခြုံရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အခါအားလျှော်စွာ သက်သာ သော ဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များအား ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)