ဆွမ်ပရာဘွမ်မြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်  အသိပညာပေး ဟောပြောပွဲနှင့် ဆု ပေးပွဲအခမ်းအနားကျင်းပ

ဆွမ်ပရာဘွမ်  စက်တင်ဘာ ၁၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြော ပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီခွဲက အခြေခံပညာအထက်တန်း  (မြို့မ) ကျောင်း၌ ကျင်းပပြု လုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဇော်က ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးမှုဖြစ်ပေါ်ရခြင်း အကြောင်း၊ လူကုန်ကူးမှု အမျိုးအစား၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ဥပဒေဆိုင်ရာများ၊ လူကုန်ကူးမှုမခံရ စေရေးအတွက် ကျောင်းသား/ ကျောင်းသူများသတိပြုဆင်ခြင်စရာများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမြင့်က  "မိမိကိုယ်တာ အားကိုးရာ"  ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အခြေခံပညာအထက်တန်း ကျောင်းအုပ် ဦးခိုင်မင်းအောင်က စာရေးဆရာအေးချမ်းဝေ ရေးသားပြုစုထားသည့် "လူကုန်ကူးမှုတားဆီးရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး" ဆောင်းပါးဖြင့်လည်းကောင်း အသီးသီး အသိပညာပေးဟော ပြောခဲ့ကြသည်။

ဆက်လက်၍  မြို့နယ်ရဲစခန်းမှူး ဒုတိယရဲမှူး လှလေးမောင်က ယာဉ်အန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ၊ အသက်အန္တရာယ်ထိခိုက်ပျက်စီးမှုများ၊ လမ်းကူးရာတွင် ပေါ့ဆမှုကြောင့်ဖြစ်ပွားခဲ့ရသည့် ထိခိုက်ပျက်စီးမှုများ၊ လိုက်နာရမည့် စည်းကမ်းချက်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ လမ်းညွှန်ချက်များကို ပရိုဂျက်တာ (projector) ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

ထို့နောက် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် အလယ်တန်းအဆင့်၊ အထက် တန်းအဆင့် ဆုရကျောင်းသား/ ကျောင်းသူများနှင့် နှစ်သိမ့်ဆုရကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူ များက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။

ဧပရယ်မိုး(ဆွမ်ပရာဘွမ်)