သန်လျင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ကြိုတင်ဆန္ဒမဲပုံးများ လုံခြုံရေးကြိုး တပ်ဆင်ခြင်း သရုပ်ပြသ

သန်လျင် အောက်တိုဘာ ၁၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ နိုင်ငံရေးပါတီများအား ကြိုတင်ဆန္ဒမဲပုံးများတွင် ထားရှိဆောင်ရွက်မည့် လုံခြုံရေးကြိုးများ တပ်ဆင်ခြင်း သရုပ်ပြပွဲကို ယမန်နေ့ ညနေ(၃)နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ သန်လျင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇော်မင်းသန်းက ကြိုတင်ရောက်ရှိလာမည့် ဆန္ဒမဲလက်မှတ်များ လုံခြုံစွာ သိမ်းဆည်းနိုင်ရေးအတွက် မဲပုံးများတွင် အသုံးပြုမည့် လုံခြုံရေးနံပါတ်များ အသုံးပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ရှင်းလင်း ဆွေးနွေး သည်။ ထို့နောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်ဦးအေးထွဋ်က ကြိုတင်ဆန္ဒမဲပုံးများတွင် အသုံးပြုမည့်လုံခြုံရေးကြိုး နံပါတ်များ အသုံးပြုပုံများကို ရှင်းလင်းပြသသည်။

ဆက်လက်၍ တက်ရောက်လာကြသော နိုင်ငံရေးပါတီများက မရှင်းလင်းသည့် အချက်များ တင်ပြဆွေးနွေးပြီး ကြိုတင်ဆန္ဒမဲပုံးများအား ကြည့်ရှု ကြသည်။ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ရာ သန်လျင်မြို့နယ် အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ၏ ကြီးကြပ်မှုဖြင့် မဲရုံပေါင်း(၂၂၉) ရုံဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းဝင်း(သန်လျင်)