ဖားကန့် စက်တင်ဘာ ၁၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း ဆွေးနွေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဂွမ်ဆိုင်းလီမှ သားအိမ်ခေါင်း ကင်ဆာသည် အမျိုးသမီးများတွင် ဖြစ်လေ့ရှိကာ ကာကွယ်ဆေးကို စောစော ထိုးနှံရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနက အခမဲ့ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် သားအိမ်ခေါင်ကင်ဆာ နဲ့ ပတ်သက်သော အသိပညာဗဟုသုတများကို ပြောကြားသည်။
ထို့နောက် လက်ထောက်ကျန်းမာရေးမှူး ဦးဝင်းလှိုင်ဦးက သားအိမ်ခေါင်းကင်ဆာ ဆေးအကြောင်းနှင့် ထိုးနှံပေးမည့် အစီအစဉ်များကို တင်ပြခဲ့ ပြီးနောက် တက်ရောက်လာသော အကြီးအကဲများ၊ ဧည့်သည်တော်များမှ သားအိမ်ခေါင်းကင်ဆာ ထိုးနှံပေးမည့်လုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြ ဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်က လုပ်ငန်းလိုအပ်ချက်များအပေါ် ပြန်လည်ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံမည့် လုပ်ငန်းစဉ်တွင် ဖားကန့်မြို့နယ် အခြေခံပညာကျောင်းများ၌ အသက် (၉)နှစ် ပြည့်ပြီး အသက် (၁၂)နှစ်မကျော်သေးသော မိန်းကလေးငယ်များအား စက်တင်ဘာလ (၁၈)ရက်မှ (၂၉)ရက်နှင့် ကျောင်းပြင်ပမှ မိန်းကလေးငယ် များအား ပြည်သူလူထုအခြေအပြု အစီအစဉ်ဖြင့် အောက်တိုဘာလ (၁၆)ရက်မှ (၂၉)ရက်အထိ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်