မိုးညှင်းမြို့၌ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

မိုးညှင်း စက်တင်ဘာ ၁၄

ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း (ဘီလူး)၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်း(ဘီလူး)မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်မေရီက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက လူငယ်လူရွယ်များ အတတ်ပညာ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ ကာယ ဉာဏ စာရိတ္တ မိတ္တ ဘောဂဟူသည့် ဗလငါးတန်နှင့်ပြည့်ဝစေရန်၊ ကျောင်းသားကျောင်းသူများ အချင်းချင်းရင်းနှီးချစ်ခင်စွာဖြင့် အမြင်ချင်းဖလှယ်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် လူအများရှေ့တွင် ပြောရဲဆိုရဲရှိတတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူအဖြစ် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တိုးတိုးမေက စတင်ဆွေးနွေးပြီး အဆိုပါအခြေခံပညာ အထက်တန်းကျောင်း Grade-8 မှ မောင်စိုင်းခမ်းလှိုင်က လူငယ်နှင့်စာပေ၊ Grade-7 မအေးသန္တာကျော်က လူငယ်နှင့်အားကစား၊ Grade-11 မှ မရွှေဇင်သူက လူငယ်နှင့်မူးယစ်ဆေးနှင့် Grade-10 မှ မမေဇင်ထွန်းက လူငယ်နှင့်ပညာရေး ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးကြရာ ကျောင်းသား  ကျောင်းသူများမှ သိရှိလိုသည်များအား ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း(၁၆၅)ဦး တက်ရောက်ကြပြီး ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များနှင့် သုတ ရသစာအုပ်များကို ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း(ပြန်/ဆက်)