ဝိုင်းမော် စက်တင်ဘာ ၁၄
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ (HPV) သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထိုနောက် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသိန်းမြို့က (HPV) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း အဆိုပါလုပ်ငန်းစီမံချက်အရ ဆောင်ရွက်နိုင်မှုအခြေအနေနှင့် တွေ့ကြုံရသည့် အခက်အခဲများ၊ ဆက်လက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်း တင်ပြဆွေးနွေးခဲ့ကာ ဆွေးနွေးတင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် တက်ရာက်လာသူများ က မေးမြန်းဆွေးနွေးကြရာ ဒေါက်တာသိန်းမြို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများ၌ ပညာသင်ယူနေ သည့် အသက် (၉) နှစ်မှ (၁၂) အတွင်းရှိ ကျောင်းသူများအား (HPV) သားအိမ်ခေါင်းကင်ဆာ ရောဂါ ကာကွယ်ဆေးထိုးခြင်းကို စက်တင်ဘာ ၁၈ ရက်နှင့် ၂၉ ရက်အထိနှင့် ရပ်ကွက်နှင့် ကျေးရွာများနေ အသက် (၉) နှစ်မှ (၁၂) နှစ်အတွင်း အမျိုးသမီးငယ်များအား အောက်တိုဘာ ၁၆ ရက်မှ ၂၇ ရက်အထိ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိန်းမြို့ ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/မများက ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ကာ (HPV) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူ များက ပူးပေါင်းဆောင်ရွက်ကြရေး ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ဖြူစင်