ကျိုက်မရောမြို့နယ်အတွင်း သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင် ရေးဆွေးနွေးပွဲကျင်းပ

 

ကျိုက်မရော စက်တင်ဘာ ၁၄

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း အသက် ၉ နှစ်မှ ၁၂ နှစ်အတွင်း မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ထိုးနှံနိုင်ရေးဆွေးနွေးပွဲကို ယနေ့နက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိန်ဝေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်ဇင်ထွန်းက သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာတစ်ဝန်းလုံးရှိ အမျိုးသမီးထုအတွင်း စတုတ္တမြောက် အဖြစ်များဆုံး ကင်ဆာရောဂါဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင်နေထိုင်သော အမျိုးသမီးများမှာ ဒုတိယအဖြစ်များဆုံးကင်ဆာရောဂါဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါကို အစောဆုံးကာကွယ်မှုရရှိနိုင်မည့် အခွင့်အလမ်းတစ်ခုဖြစ်၍ ထိုးနှံသွားကြရန် ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးက ပြန်လည်ဖြေကြားဆွေးနွေးခဲ့သည်။

ကျိုက်မရောမြို့နယ်တွင် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကျောင်းအ​ခြေပြု သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)