သုံးခွ စက်တင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် Book Club အဖွဲ့နှင့် Women Clubအဖွဲ့တို့ ပူးပေါင်း၍ စာပေချစ်သူများ၊ စာဖတ်ပရိသတ်များ၊ ကျောင်းသားလူငယ်များ၊ စာပေကို ပိုမိုချစ်မြတ်နိုးတတ်စေရန်နှင့် စာပေမှအသိပညာဗဟုသုတ ပိုမိုရရှိစေရန်ရည်ရွယ်၍ စာရေးဆရာအကြီးကိုကို (ကသာ) ရေးသားသည့် "အောင်မြင်မှုအတွေးစကား” စာအုပ်အား လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်၊၊
ပထမဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်လှိုင်သူဇာက စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်အား ပြောကြားပြီး Book Club အဖွဲ့ဝင် ဦးကြည်စိုးလွင်က စာရေးဆရာအကြီးကိုကို (ကသာ) ရေးသားသည့် "အောင်မြင်မှုအတွေးစကား" စာအုပ်ပါအကြောင်းအရာများထဲမှ "ရိုးရှင်းတဲ့အဖြူရောင်စိတ်ထား” ခေါင်းစဥ်ဖြင့် ဆွေးနွေးပြောကြားရာ ကိုယ့်အနားကလူတွေက ကိုယ့်အပြုံးတုတွေနဲ့ ဟန်ဆောင်ပြီး ဆက်ဆံလာတဲ့အခါ သူတို့ရဲ့ဆက်ဆံမှုကို မသိကျိုးကျွံပြုလိုပါကြောင်း၊ ကိုယ့်ဘက်က အပြုံးအတုတွေနဲ့ ဟန်ဆောင်ပြီး ပြန်မဆက်ဆံမိစေလိုကြောင်း၊ အောင်မြင်တဲ့သူတွေဟာ ကိုယ်နဲ့ပတ်သက်ဆက်ဆံရတဲ့ သူတွေအားလုံးအပေါ် ဘယ်တော့မှဟန်ဆောင်ပြီး ဆက်ဆံလေ့မရှိပါကြောင်း၊ ရိုးရှင်းတဲ့အဖြူရောင်စိတ်ထားနဲ့ပဲ ဆက်ဆံပြောဆိုလေ့ရှိပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်၊၊
ထို့နောက် Women Club အဖွဲ့ဝင် ဒေါ်တင်ဌေးမော်က “မပျင်းပါနဲ့” ခေါင်းစဥ်ဖြင့် ဆွေးနွေးရာ ဘဝဆိုတာဘယ်လောက်ပဲ တိုးတက်အောင်မြင်ခွင့်ရှိတယ်၊ဘယ်လောက်ဆုတ်ယုတ်ခွင့်ရှိတယ်လို့ ပုံသေကားချပ်မရှိပါကြောင်း၊ မပျင်းရင်မပျင်းသလောက် တိုးတက်အောင်မြင်ခွင့်ရှိပြီး ပျင်းနေရင်တော့ ပျင်းသလောက်ဆုတ်ယုတ်နိမ့်ကျတတ်ပါကြောင်း၊ ဒါကြောင့် မပျင်းကြစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်၊၊
ဆက်လက်၍ Women Club အဖွဲ့ဝင် ဒေါ်ချိုနွယ်ဆွေကလည်း "ရုပ်နုပျိုစေချင်ရင်စာဖတ်ပါ” ခေါင်းစဥ်ဖြင့် ဆွေးနွေးရာတွင် စာမဖတ်တဲ့သူတွေဟာ လူအသက်ရှင်နေပေမယ့် ဦးနှောက်သေဆုံးသူတွေလိုပါပဲ စာဖတ်တဲ့သူတွေရဲ့ ဦးနှောက်ကတော့ အသေကြီးမဟုတ်ပဲ ရှင်သန်သွက်လက်တက်ကြွနေပါကြောင်း၊ အဲ့ဒီလိုဦးနှောက်ရှင်သန်တက်ကြွနေသူတွေရဲ့ ရုပ်ဟာကြည်လင်နုပျိုနေလေ့ရှိပါကြောင်းစသည့် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးဖလှယ်ခဲ့ကြသည်၊၊
စာဖတ်ဝိုင်းအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးနံရံကပ် စာစောင်များကို စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ကြကြောင်း သိရသည်၊၊
စည်သူလင်း (ပြန်/ဆက်)