တောင်ဥက္ကလာပမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်း လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲအခမ်းအနားကျင်းပ

တောင်ဥက္ကလာပ စက်တင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်း လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီက အမှတ်(၆)ရပ်ကွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌  ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါက်တာအေးအေးမိုးက အသက် (၉) နှစ်မှ (၁၂) နှစ်မကျော်သော အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ‌ရောဂါကာကွယ်ဆေး (HPV) ထိုးနှံရေးနှင့်ပက်သက်၍ လုပ်ငန်းအစီအစဥ်များကို ပရိုဂျက်တာဖြင့် ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးက ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ရပ်ကွက်များအလိုက် ဆောင်ရွက်ထားရန်လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ပရဟိတအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အသင်းအဖွဲ့များမှ သိရှိလိုသည်များကိုမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)