ဥတ္တရသီရိ စက်တင်ဘာ ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများဌာနလုပ်ငန်းများ ဆောင်ရွက်ရာတွင် မှန်ကန်စွာဆောင်ရွက်နိုင်ရန်နှင့် စာဖတ်သည့် အလေ့အထများဖြစ်ပေါ်စေရန် ဝန်ထမ်းများစာဖတ်ဝိုင်းကို ယနေ့မွန်းလွဲပိုင်းက ပြည်သူ့စာကြည့်တိုက်၌ ကျင်းပသည်။
စာဖတ်ဝိုင်းတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက ဝန်ထမ်းများ စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ဦးစီးအရာရှိ၊ ဒုတိယဦးစီးမှူး၊နှင့် ဝန်ထမ်းများက “စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးလက်စွဲစာစောင်” စာအုပ်တွင်ပါရှိသည့် စာကြည့်တိုက်အဓိပ္ပါယ်၊ စာကြည့်တိုက်ပညာ၊ စာကြည့်တိုက်အမျိုးအစားများ စသည့်ခေါင်းစဉ်များမှ အကြောင်းအရာများကို ဖတ်ကြားခဲ့ပြီးနောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)