တာမွေမြို့နယ်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ

တာမွေ စက်တင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများ စာဖတ်ခြင်းဖြင့် အသိဉာဏ်ပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် အသိပညာများမှတစ်ဆင့် စဉ်းစားတွေးခေါ်တတ်လာပြီး အတတ်ပညာများအဖြစ်သို့ပြောင်းလဲကာ နိုင်ငံ့အကျိုးသယ်ပိုးထမ်းဆောင်နိုင်သည့် နိုင်ငံ့သားကောင်းများဖြစ်လာစေရန်ရည်ရွယ်၍ တာမွေမြို့နယ် စာပေဝါသနာရှင်များမှ စီစဉ်ကျင်းပသော "အမွေခံတစ်‌‌ယောက် အမွေပေးသူတစ်ရာ" ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဒေါ်မိုးမိုးသန့်စင်က စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် အမွေခံတစ်‌‌ယောက် အမွေပေးသူတစ်ရာ စာအုပ်မှ “ဆရာ/ဆရာမများ၏ တပည့်များအပေါ်ထားသည့် စိတ်နေသဘောထားကောင်းများ၊ ကျောင်းသားဘဝကို ဖြတ်သန်းခဲ့သော လူငယ်တစ်ဦးချင်း၏ ဘဝခရီးမှာ တင့်တင့်တယ်တယ် လျှောက်လှမ်းနိုင်အောင် ပညာအမွေ၊ စိတ်ဓာတ်အမွေ လက်ဆင့်ကမ်းပေးရုံသာမက တစ်ကိုယ်ရေကျန်းမာရေးပြည့်စုံဖို့၊ ပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်အောင် နေထိုင်တတ်ဖို့အထိကို ဘက်စုံပျိုးထောင်ပေးခဲ့သော ဆရာ/ဆရာမများ၏ ဂုဏ်‌ကျေးဇူးကြီးမားလှပုံများကို ဖော်ညွှန်းရေးဖွဲ့ထားပုံများအကြောင်း" နှင့်ပတ်သက်၍ အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော စာပေဝါသနာရှင်များကလည်း စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ၏ "အမွေခံတစ်‌‌ယောက် အမွေပေးသူတစ်ရာ" စာအုပ်တွင် ပါဝင်သော အကြောင်းအရာ များနှင့်ပတ်သက်၍ တစ်ဦးချင်းစီအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)