နောင်ချို စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတကြွယ်ဝစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ “လူငယ်စကားဝိုင်း”ကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က အ.ထ.က(ခွဲ) နမ့်ဆောင်ဟူးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဝေမာမြင့်က အမှာစကားပြောကြားခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းအား ဆက်လက်ပြုလုပ်ရာ Grade-11 မှ မောင်ခန့်ညီညီသော်က “လူငယ်နှင့်အနာဂတ်နိုင်ငံတော်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မစန်းလဲ့ရည်ဖြိုးက “ရသစာပေ၏ အရေးပါပုံ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10မှ မောင်ထွန်းထွန်းဇော်က “လူငယ်နှင့် ပတ်ဝန်းကျင်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မနှောင်းရတီဦးက “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် လူငယ်စကားဝိုင်းတွင် တက်ရောက်ဆွေးနွေးပေးကြသည့် ကျောင်းသား၊ ကျောင်းသူ လူငယ်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးစိုးမင်းချစ်က အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသန္တာမြင့်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းနှင့် အဆိုပါလူငယ်စကားဝိုင်းသို့ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ အ.ထ.က နမ့်ဆောင်ဟူးကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း အင်အား(၈၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)