မြစ်ကြီးနား စက်တင်ဘာ ၁၄
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ တိုင်းဒေသကြီး/ ပြည်နယ် တရား လွှတ်တော် တရားရေးဦးစီးမှူးများ၏ (၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန် မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းသည့် အစည်းအဝေးကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၉ နာရီအချိန်က ကချင်ပြည်နယ် တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပရာ ကချင်ပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီး ဦးတူးမော်နှင့် ဦးအောင်မြင့်၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် တရားရုံးများမှ တရားရေးအရာရှိများ တက်ရောက်သည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာက မိမိတို့ တရားရုံး၌ လက်ခံစစ်ဆေးလျက်ရှိသော အမှုများကို ကြန့်ကြာမှုမရှိစေရန် ပြည်ထောင်စုတရား လွှတ်တော်ချုပ်၏ ညွှန်ကြားချက်များအား၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ မှန်မှန်နှင့်မြန်မြန် ပြီးပြတ်အောင် စစ်ဆေးဆောင်ရွက်ရန်လိုကြောင်း၊ သက်သေများကို စစ်ဆေးရာ၌လည်း သက်သေခံ ဥပဒေ လုပ်ထုံးလုပ်နည်း အမိန့်ညွှန်ကြားချက်များအတိုင်း စစ်ဆေးရမည်ဖြစ်ကြောင်း၊ တရားရုံးများ၌ မှုခင်းများ ကြန့်ကြာမှုမရှိစေရန် သက်ဆိုင်ရာတရားစွဲ အဖွဲ့အစည်း များနှင့် အချိန်နှင့် တစ်ပြေးညီ ဆက်သွယ်ဆောင်ရွက်ကာ အမှုများကို စစ်ဆေးဆုံးဖြတ်သွားရန် လမ်းညွှန်မှာကြားသည်။
ယင်းနောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဦးတူးမော်နှင့် ဦးအောင်မြင့်တို့က တရားစီရင်ရေးကိစ္စရပ်များအား ဖြည့်စွက်ဆွေးနွေးပြီး ပြည်နယ်တရားရေးဦးစီးမှူး ဦးစောမျိုးမျိုးက တရားရုံး စီမံခန့်ခွဲရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အစည်းအဝေး တက်ရောက်ကြသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်တရားရုံးများမှ တရားရေးအရာရှိများနှင့် တရားသူကြီးများက မြို့နယ်အလိုက် ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာက တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းပြောကြားပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
ပြည်နယ်ပြန်/ဆက်