HPV သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲနှင့် သင်တန်း​ပေးခြင်းအခမ်းအနားကျင်းပ

ဒဂုံ စက်တင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် ဒဂုံမြို့နယ်တွင် ယမန်နေ့နံနက် (၁၀) နာရီအချိန်တွင် HPV သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆွေးနွေးပွဲနှင့် သင်တန်းပေးခြင်း အခမ်းအနားကို ဒဂုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးမြင့်အေးက အဖွင့်အမှာစကား ပြောကြားပြီး ဒဂုံမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး Dr-ရွှေပြည်က HPV သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာတစ်ဝှမ်းတွင် အမျိုးသမီးများ၌ စတုတ္ထမြောက်ဖြစ်ပွားမှုများပြီး အသက်ဆုံးရှုံးမှုများသည့်ရောဂါဖြစ်သည့်အတွက် အဆိုပါရောဂါကို ကာကွယ်နိုင်ရန်ရည်ရွယ်ချက်ဖြင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ရာ လုပ်ငန်းစဥ်များအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေးကိုထိုးနှံပေးမည့် အမျိုးသမီးငယ်များ၏ အသက်အပိုင်းအခြားမှာ အသက် ၉ နှစ် ပြည့်ပြီးမှ ၁၂ နှစ်မကျော်သော အရွယ်ရှိရမည်ဖြစ်ကြောင်း၊ ဆေးအမျိုးအစားမှာ WHO မှ အသိအမှတ်ပြုထားသည့် Gardasil အမည်ရှိ အရည်အသွေးကောင်းမွန်သည့် ဆေးဖြစ်ကြောင်း၊ ပြင်ပတွင်ထိုးနှံပါက ကုန်ကျစရိတ်များပြားသည့်အတွက် နိုင်ငံတော်မှ အခမဲ့အစီအစဥ်ဖြင့် ကျောင်းအခြေပြုထိုးနှံရာတွင်လည်းကောင်း၊ ရပ်ရွာအတွင်းအခြေပြု ထိုးနှံရာတွင်လည်းကောင်း မပျက်မကွက်ထိုးနှံသွားရန် တိုက်တွန်းလိုကြောင်း၊ အခြေခံပညာကျောင်းများအနေဖြင့် ကာကွယ်ဆေးထိုးနှံရန် အသက်ပြည့်မီသူများအား သတ်မှတ်ပုံစံများဖြင့် စာရင်းကောက်ယူပေးထားရန်လိုကြောင်း ကျောင်းအုပ်ကြီးများမှ ကာကွယ်ဆေးထိုးနှံရမည့် အမျိုးသမီးငယ်များမကျန်ရှိစေရေး စာရင်းကောက်ယူခြင်းနှင့် နှိုးဆော်ပေးခြင်းများကို ဆောင်ရွက်ပေးစေလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက သားအိမ်ခေါင်းကင်ဆာရောဂါနှင့်ပတ်သက်၍ သိလိုသည်များ၊ ကာကွယ်ဆေးနှင့်ပတ်သက်သည့် လိုက်နာဖွယ်ရာများ၊ ကာကွယ်ဆေးထိုးအစီအစဥ်နှင့် ပတ်သက်၍သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့​ကြပြီး တက်ရောက်လာကြသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးခဲ့ကြောင်း သိရသည်။

မိုးမိုးခိုင်