မြစ်ကြီးနား စက်တင်ဘာ ၁၄
မြစ်ကြီးနားမြို့နေ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရေးနှင့် ကုန်ဈေးနှုန်းကြီးမြှင့်မှုကို ထိန်းချုပ်၍ ပြည်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ် ပေါ်စေရေး ပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့် ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ်ဆန်ကုန်သည်ကြီးများအသင်း၊ ဆီကုန်သည် ကြီးများ အသင်းနှင့် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ရောင်းချသူတို့ ပူးပေါင်း၍ ဒေသခံများအတွက် ပြင်ပပေါက် ဈေးနှုန်းထက် ပိုမိုချိုသာသော ဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များအား စက်တင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်ဈေး၌ ရောင်းချရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ မြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ တာ၀န်ရှိသူများနှင့် အတူ ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ သက်သာဈေးတွင် ရောင်းချပေးသည့် ဆန်၊ ဆီ၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်၊ သား/ ငါး များအား ပြည်သူများ စနစ်တကျ စီတန်းဝယ်ယူ နေမှုတို့အား ပြည်နယ်ဝန်ကြီးက ကြည့်ရှုအားပေးပြီး ပြည်သူများ အဆင်ပြေလွယ်ကူစွာ ဝယ်ယူနိုင်ရေး စီမံဆောင်ရွက်ပေးသွားရန်နှင့် သား/ငါး များအား စားသုံးသူအန္တရာယ်ကင်းရှင်းစေရေး စနစ်တကျ စစ်ဆေးဆောင်ရွက်ပြီးမှ ရောင်းချသွားနိုင်ရေး တာဝန်ရှိသူ များအား မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် မြစ်ဖျားဧရာ အဝေးပြေးယာဉ်ရပ်နားစခန်းသို့ သွားရောက်ကာ ယာဉ်များကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး အဝေးပြေးယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေး၊ ယာဉ်ရပ်နားစခန်းဝင်းအတွင်း အမှိုက်များကင်းစင်ကာ သန့်ရှင်း သာယာလှပရေး၊ ရေနှုတ်မြောင်းများအတွင်း ရေစီးရေလာကောင်းမွန်စေရေးတို့အား တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထိုမှတဆင့် ပြည်နယ်ဝန်ကြီးသည် တပ်ကုန်း(စံပြ)ရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် ပျိုးဥယျာဥ်နှင့် မြို့တော်ခန်းမဝင်းအတွင်းရှိ ပျိုးဥယျာဥ်တို့တွင် ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့အား သန့်ရှင်းသပ်ရပ်ပြီး ရာသီအလိုက် အလှပန်းပင်များဖြင့် ပန်းမြို့တော်ဖြစ်လာ စေရေး စိုက်ပျိုးထားရှိသည့် အာဆီယံသပြေ၊ စက္ကူပန်း၊ နွယ်သာဂီ၊ ပန်းရောင်စုံ၊ သပြေဘူတ၊ ချယ်ရီ စသည့် ဒေသနှင့် ကိုက်ညီသည့် အလှပန်းပင်များ (၄၀၀၀၀)ကျော် ပြုစုပျိုးထောင် စိုက်ပျိုးဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။
ပြည်နယ်ပြန်/ဆက်