နမ့်ဆန်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV) ထိုးနှံခြင်း အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနား ကျင်းပ

နမ့်ဆန် စက်တင်ဘာလ ၁၄

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ် မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV) ထိုးနှံခြင်းနှင့် ပတ်သတ်၍ ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းစိုးဟိန်းက ကျောင်းအခြေပြု နှင့် ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးလုပ်ငန်း၏ ရည်မှန်းချက်များ၊ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံမည့် အသက်အရွယ် သတ်မှတ်ချက်များ၊ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်များ၊ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံရန်အတွက် ကြိုတင်ပြင်ဆင်လျက်ရှိသည့် လုပ်ငန်းများ၊ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပြီး ဖြစ်ပွားနိုင်သည့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ၊ အဓိကသတင်းအချက်အလက်များအား ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို၊ မြို့နယ်ဆရာဝန်ကြီးနှင့် ဦးစီးအရာရှိ ဒေါ်ခင်မာကြူတို့က ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးအား အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးများတွင် စတင်ထိုးနှံရန်၊ ကျောင်းအခြေပြုနှင့် ပြည်သူလူထုအခြေပြု ပုံစံများဖြင့်ထိုးနှံခြင်းဖြင့် လွှမ်းခြုံမှုမြင့်မားစွာ ထိုးနှံ၍ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံမှုကို ရပ်ရွာတိုင်းသို့ ရောက်ရှိရန်နှင့် ရည်မှန်းထားသော သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး လွှမ်းခြုံမှုရရှိစေရန်၊ အောင်မြင်သော သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံမှုအစီအစဉ် ဖြစ်စေရေးအတွက် ဌာနအချင်းချင်း အဆင့်တိုင်းတွင် ထိရောက်စွာ ပူးပေါင်းဆောင် ရွက်နိုင်ရန် ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် စက်တင်ဘာလ (၁၈) ရက်နေ့မှ (၂၉) ရက်နေ့အထိ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းကိုလည်းကောင်း၊ အောက်တိုဘာလ (၁၆) ရက်နေ့မှ (၂၈) ရက်နေ့အထိ ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းတို့ကိုလည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)