ဒလ စက်တင်ဘာ ၁၄
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ဒလမြို့၊ ဗညားဒလရပ်ကွက် ဟာမိုနီကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ ယာဥ်အန္တာရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲတွင် အမှတ် (၅၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု တပ်ဖွဲ့စုမှူး ဒုတိယရဲမှူးမောင်မျိုးက ကျောင်းသား၊ ကျောင်းသူများကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောရခြင်းမှာ မြန်မာနိုင်ငံတွင် အသက်မသေသင့်သူများ အသက်ဆုံးရှုံးရသည်ကို အများဆုံးတွေ့ရပါကြောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အသိပညာပေး ဟောပြောသော်လည်း မြန်မာနိုင်ငံတွင် အရွယ်မရောက်သေးသူများ မော်တော်ဆိုင်ကယ်စီးနင်းခြင်းနှင့် မော်တော်ကားမောင်းနှင်မှုများတွင် စည်းကမ်းလိုက်နာခြင်းမရှိသည်ကို တွေ့ရပါကြောင်း၊ အသက် (၁၈) နှစ်ပြည့်ပြီးမှသာ ယာဉ်မောင်းလိုင်စင်ထုတ်ပေးရမည်ဖြစ်ကြောင်း၊ မိဘများကလည်း သားမီးများကို မော်တော်ဆိုင်ကယ်၊ မော်တော်ကားများကို မောင်းခိုင်းသဖြင့် ကလေးများမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ အသိပညာမရှိကြကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန် (၅) ရပ်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများဖြစ်သည့် အခြေခံယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေနှင့် ၂၀၂၂ ခုနှစ် မော်တော်ယာဉ် နည်းဥပဒေပါအကြောင်းအရာများဖြစ်သည့် မော်တော်ဆိုင်ကယ်စီးနှင်းသူများ လိုက်နာရန်စည်းကမ်း၊ ခြေလျင်လျှောက်သူများ လိုက်နာရန် စည်းကမ်း၊ လမ်းအသုံးပြုသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် စသည့်အကြောင်းအရာများဖြင့်ဟောပြောခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများဖြစ်သည့် ဆောင်ရန်၊ ရှောင်ရန် သရုပ်ပြရုပ်ပုံများကို ကျောင်းသား၊ ကျောင်းသူများအား LED Board ဖြင့် ပြသခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦးခန့်အား ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း သိရသည်။
ကျော်စည်သူ