အလုံ အောက်တိုဘာ ၁၈
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က အလုံမြို့နယ် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ အမိုးပြာဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တက်ရောက်လာသူများက တစ်ဦးချင်း မိတ်ဆက်ခဲ့ပြီးနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးလှဝင်းက ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင်ပြည်သူများ ပူးပေါင်ဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်သဖြင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို သိရှိပြီး ပူးပေါင်းဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက် များနှင့်အညီ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုအခြေအနေ၊ ကြိုတင်မဲပေးခြင်းဆိုင်ရာလုပ်ငန်းများ၊ မဲဆွယ်စည်းရုံးခြင်းနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများ လိုက်နာရမည့်အချက် စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ပြန်အလှန် ရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ယဉ်ဝင်းဟန်က ကြိုတင်မဲပေးခြင်းလုပ်ငန်းစဉ်များကို ဖြည့်စွက်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီး အဆိုပါ အစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဝင်များ၊ နိုင်ငံရေးပါတီကိုယ်စားပြု ကိုယ်စားလှယ်များ၊ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
တင်တင်ချို (အလုံ)