လူထုအခြေပြုဗဟိုဌာနကော့မှူး၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကော့မှူး စက်တင်ဘာ ၁၄

ကျောင်းသား/ ကျောင်းသူလူငယ်လူရွယ်များအနေဖြင့် လူကုန်ကူးမှုနှင့်ပတ်သက်သော အကြောင်းအရာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ် ရေးအသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ်နှင့် Book Club အဖွဲ့ဝင် ဒေါ်တင်သန်းတို့ကဟောပြောရာတွင် စက်တင်ဘာလ ၁၃ ရက်နေ့သည် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ဖြစ်ကြောင်း၊ လူကုန်ကူးမှုဆိုသည်မှာ တစ်ဦးဦးသည် အခြားတစ်ဦးတစ်ယောက်ကို သဘောတူညီချက်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သိမ်းသွင်းစုစောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ခိုလှုံခွင့်ပေးခြင်း၊ လက်ခံပေး ခြင်းတို့ကိုဆိုလိုပါကြောင်း၊ ကျား/မ ကြီးငယ်မရွေးလူတစ်ဦးတစ်ယောက်ကို ပြည့်တန်ဆာပြုခြင်း၊ ကျေးကျွန်ပြုခြင်း၊ လုပ်အားအမြတ်ထုတ်ခြင်း၊ နှောင်ဖွဲ့စေခိုင်းခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းများ ထုတ်ယူခြင်း၊ ရောင်းချခြင်းတို့သည် လူကုန်ကူးမှုလက္ခဏာများဖြစ်ကြောင်း၊ လူကုန်ကူးမှု ပြဿနာအမျိုးမျိုး သည် ဆင်းရဲသောနိုင်ငံများ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း ဖြစ်ပွားလေ့ရှိပြီး နိုင်ငံဖြတ်ကျော်လူကုန်ကူးမှုများ ကြီးထွားလာကြောင်း၊ မြန်မာနိုင်ငံတွင်လည်း လူကုန်ကူးမှုပြဿနာများမှာ မြင့်မားနေဆဲဖြစ်ပြီး အထူးသဖြင့် တစ်ဖက်နိုင်ငံများသို့ လိမ်လှည်လှည့်ဖြားအဓမ္မပို့ဆောင်မှုများ ဖြစ်ပေါ်လျက်ရှိပြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းတိုက်ဖျက်ရေးအဖွဲ့များက ဖမ်းဆီးရမိအပြစ်ပေးမှုများကို နေ့စဉ်တွေ့မြင်ရကြောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ်သတ်မှတ်၍ နိုင်ငံသားအားလုံးပူးပေါင်း  ဆောင်ရွက်ကြရန်နှင့် လူကုန်ကူးမှုနှင့်ပတ်သက်သော အကြောင်းအရာများအား ရှင်းလင်းဟောပြောခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုနှင့်ပတ်သက်သော အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားလေ့လာကြည့်ရှုကြကြောင်း သိရသည်။

ကျော်သူရ (ပြန်/ဆက်)