လှည်းကူး စက်တင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အကြောင်းသိရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမတွင် စာရေးဆရာဂျွန်ရေးသားထားသော အချိန်ကိုစီမံခန့်ခွဲခြင်းဖြင့် အောင်မြင်မှုရယူခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က စာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများကို သိရှိစေရန်အတွက် ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ပြီး စာပေချစ်သူများအချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးသည့် အလေ့အကျင့်များရရှိစေရန် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယခုဆွေးနွေးသည့် စာအုပ်သည်လူငယ်များအနေဖြင့် ဖတ်သင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်းမှ ဦးစိုးသူနှင့် ဒေါ်သင်းသင်းရွှေတို့က အဆိုပါစာအုပ်တွင်ပါရှိသည့် အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများကလည်း အပြန်အလှန်ဆွေးနွေးကြောင်း သိရှိရသည်။
အေးအေးနွဲ့ (ပြန်/ဆက်)