မိုင်းခတ်မြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဂိမ်းကစားခြင်းများ ပြုလုပ်

မိုင်းခတ် စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းပိတ်ရက်ကလေးများအတွက် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပျော်ရွှင်စွာဂိမ်းကစားခြင်းများကို အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ပြိုင်ပွဲများ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ကျောင်းသား/ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်၊ အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများရရှိစေရန်၊ လူအများရှေ့တွင် ပြောရဲဆိုရဲတတ်သော အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်၍ ယခုလိုပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားပြီးနောက် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများပြုလုပ်ပေးပြီး ကလေးများကပျော်ရွှင်စွာ ဂိမ်းများကစားခြင်း၊ မိမိကြိုက်နှစ်သက်ရာ တေးသီချင်းများဖြင့် စုဖွဲ့သီဆိုကြခြင်းများပြုလုပ်ကြရာ အလှူရှင်မိဘတစ်ဦးက ကလေးများအား အချိုရည်ဗူးများပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)