မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ​မော်လမြိုင်မြို့၊ ကျက်သရေဆောင် သမိုင်း၀င်ဆံတော်ရှင် ကျိုက်သုတ်စေတီတော်မြတ်ကြီး၏ (၁၃၈) ကြိမ်မြောက် ဆေးပဌာန်းလှူဒါန်းပွဲ မင်္ဂလာအခမ်းအနား တက်ရောက်

မော်လမြိုင် စက်တင်ဘာ ၁၄

မော်လမြိုင်မြို့၏ ကျက်သရေဆောင် သမိုင်း၀င်ဆံတော်ရှင် ကျိုက်သုတ်စေတီတော်မြတ်ကြီး၌  အစဉ်အလာမပျက် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်မှစတင်၍ ဆေးပဌာန်းပူဇော်ပွဲကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ရာ ယခု(၁၃၈) ကြိမ်မြောက် ဆေးပဌာန်းလှူဒါန်းပွဲ အလှူတော်မင်္ဂလာအခမ်းအနားကို ယ​နေ့​နေ့လယ်ပိုင်းက ​စေတီတော်မြတ်ကြီး၏ ဓမ္မာရုံ​တော်အတွင်း၌ ကျင်းပပြုလုပ်ရာ ဆရာ​တော်၊ သံဃာ​တော် အရှင်သူမြတ်များ၊ မွန်ပြည်နယ်၀န်ကြီးချုပ် ဦး​အောင်ကြည်သိန်း၊  ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တာဝန်ရှိသူများ၊ ​စေတနာရှင်၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ  (၁၃၈) ကြိမ်မြောက် ဆေးပဌာန်းလှူဒါန်းပွဲ အလှူတော်မင်္ဂလာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး ဆံတော်ရှင် ကျိုက်သုတ်စေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့၏ ဩဝါဒစရိယ ရွှေတောင်ကျောင်း ဆရာတော်ထံမှ ရှစ်ပါးသီလ​ခံယူဆောက်တည်ခဲ့ကြကာ ကြွရောက်လာကြသော ဆရာတော် သံဃာတော်များမှ ပဌာန်းဒေသနာတော်များ ရွတ်ဆိုပူဇော်ခဲ့ကြသည်။

ထိုနောက် ဆံတော်ရှင်ကျိုက်သုတ်စေတီတော် ဘဏ္ဍာထိန်း ဂေါပကဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ဆေးပဌာန်းလှူဒါန်းရခြင်းအကြောင်းနှင့် ဆေးလှူဒါန်းသော အလှူရှင်များအား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ကြွရောက်လာသော ဆရာတော်သံဃာတော်များထံ  ကျန်းမာရေးအတွက် တိုင်းရင်းဆေးနှင့် နိုင်ငံခြားဆေးများကို “အာယုဒါန” ဆေးပစ္စည်းအလှူများနှင့် အလှူတော်ငွေများကို ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ ဌာနဆိုင်ရာအကြီးအကဲများနှင့် အလှူရှင်များက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်ပြီး ဆံတော်ရှင် ကျိုက်သုတ်စေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့၏ ဩဝါဒစရိယ၊ ဝေဇယန္တာကျောင်း ဆရာတော်ဘုရားထံမှ (၁၃၈) ကြိမ်မြောက် ဆေးပဌာန်းလှူဒါန်းပွဲတွင် ပြုပြုသမျှ ကောင်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြားပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ ဗုဒ္ဓသာသနာစိရံတိဠတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနား ပြီးမြောက်ခဲ့သည်။

အဆိုပါ  (၁၃၈) ကြိမ်မြောက် ဆေးပဌာန်းလှူဒါန်းပွဲကို မွန်ပြည်နယ် (၁၀) မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၁၀၀) တွင် သီတင်းသုံးတော်မူသော ဆရာတော်သံဃာတော် အပါး (၈၀၀၀) ကျော်ခန့်တို့အား ဆေးဝါးနှင့်၀တ္ထုငွေ စုစုပေါင်း ကျပ်သိန်း (၈၀၀) ခန့်ကို “သက်ရှည်ကျန်းမာ ဘေးရန်ကွာ ချမ်းသာဆင်းလှ ခြံရံလျက် ဗလအားသည်း ပညာကြီး၍ ပစ္စည်းခိုင်မြဲ မကွဲ ချစ်သူ ကျိုးဆယ်ဆူမှာ ဆေးလှူသူတို့ ရဖို့တည်း” ဟူသော အကျိုးငှာစေတနာရှင် သဒ္ဓါကြည်လင် ပါရမီရှင်များက သဒ္ဓါထက်သန်စွာ ပါ၀င်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)