နမ္မတူမြို့နယ် အ.ထ.က (၂)ကျောင်း၌ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

နမ္မတူ စက်တင်ဘာ ၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အဆိုပါကျောင်းရှိ သစ္စာခန်းမ၌ ကျင်းပသည်။

အခမ်းအနားအား ရှေ့ဦးစွာ သံဃာတော်အရှင်သူမြတ်များက ဦးဆောင်၍ နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး တရားနာလာရောက်ကြသော ဧည်ပရိတ်သတ်အပေါင်းမှ ကြွရောက်လာကြသော သံဃာတော်အရှင်သူမြတ်တို့အား ဩကာသကန်တော့ချိုးဖြင့် ညီညာဖြဖြ ရှိခိုးကန်တော့၍ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။

ဆက်လက်၍ သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပေးခဲ့ပြီး ပင်သံဃာတော်အရှင်သူမြတ် အပါး(၅)ပါးအား ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထုအစုစုနှင့် နေ့ဆွမ်း၊ ဘောဇဉ်၊ ခဲဖွယ်တို့အား ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်အရှင်သူမြတ်တို့ထံမှ ဝါဆိုတရားတော်နာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ထို့နောက် အခမ်းအနားအား “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ်ရွတ်ဖတ်ပူဇော်၍ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)