ကျောက်ဆည်မြို့နယ် အနောက်ရေပြားတောကျေးရွာတွင် ပဉ္စမအကြိမ် မြစိမ်းရောင်စီမံကိန်းချေးငွေများ ထုတ်ချေးပေး

ကျောက်ဆည် အောက်တိုဘာ ၁၈


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြို့ပြနှင့်ကျေးလက် ကွာဟမှုလျော့နည်း လာစေရေး အတွက် ရည်ရွယ်ပြီး အရင်းမပျောက် မတည်လည်ပတ်ရန်ပုံငွေ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ကျပ်သိန်း (၃၀၀)ကို ဖွံ့ဖြိုးမှုနည်းသည့် ကျေးရွာများအား ရွေးချယ်ပြီး ထုတ်ချေးပေးလျက်ရှိရာ အောက်တိုဘာ ၁၆ ရက်နေ့ မွန်လွဲ(၂)နာရီခွဲအချိန်က အနောက်ရေပြားတောကျေးရွာတွင် စီမံကိန်းချေးငွေများ ပဉ္စမအကြိမ်အဖြစ် မြစိမ်း ရောင်စီမံကိန်းငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့စီမံကိန်းငွေများ ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထိုက်ထိုက်စိုးနှင့် ဝန်ထမ်းများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နည်းလမ်းများအတိုင်း ဆောင်ရွက်ခဲ့ပြီး  စိုက်ပျိုးရေး လုပ်ကိုင်သူ(၅၄)ဦးနှင့် မွေးမြူရေးလုပ်ကိုင်သူ(၃၈)ဦး စုစုပေါင်း (၉၂)ဦးအတွက် ငွေကျပ်သိန်းပေါင်း (၃၇၉)သိန်းခြောက်သောင်းကျပ်ကို ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အနောက်ရေပြားတောကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ်မှ စတင်ကာ မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေကျပ်သိန်း(၃၀၀)ကို စတင် ထုတ်ချေး ပေးခဲ့ကြောင်း သိရှိရပြီး အိမ်ခြေ(၁၀၂)အိမ်၊ အိမ်ထောင်စု(၁၁၂)စု၊ လူဦးရေ(၅၂၀)ဦး နေထိုင်လျက်ရှိကာ စိုက်ပျိုး ရေးနှင့် မွေးမြူရေးလုပ်ငန်းများ အဓိကလုပ်ကိုင်ပြီး အသက်မွေးဝမ်းကြောင်းပြုသည့် ကျေးရွာတစ်ရွာ ဖြစ် ကြောင်းလည်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)