မြစ်သား စက်တင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ (Book Club)နှင့်(Youth Club) အဖွဲ့ဝင်တို့ ပူးပေါင်း၍ စာရေးဆရာ နတ်သျှင် (ရွှေဂူ) ရေးသားသော လူငယ်များကိုပျိုးထောင်ပေးပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွှဲ(၃)နာရီအချိန်က မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာအောင်က စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ခြင်းအားဖြင့် စာဖတ်ရှိန်များပိုမိုမြင့်တက်လာပြီး အသိပညာဗဟုသုတများကြွယ်ဝလာကာ အမှားနှင့်အမှန်ကောင်းစွာ ခွဲခြားဆုံးဖြတ်နိုင်ပြီးအချိန်ကို အကျိုးရှိစွာအသုံးချသူများဖြစ်စေရန်စသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး (Youth Club) အဖွဲ့ဝင် ဦးပြည့်ဖြိုးအောင်က “လူငယ်များကိုပျိုးထောင်ပေးပါ” ခေါင်းစဥ်ပါလူငယ်ဟူသည် အနာဂတ်၏ခေါင်းဆောင်များဟုဆိုလျှင်ပိုမှန်ကြောင်း၊ လူကြီးနှင့် လူငယ်တို့အကြား တွင်အမွေဆိုသော စကားလည်းရှိကြောင်း၊ လူကြီးမိဘဆရာသမားများမှ တပည့်သားသမီးများအား လက်ဆင့် ကမ်းပေးသောအရာကို အမွေဟူ၍ ခေါ်ဆိုကြကြောင်း၊ ပညာအမွေ၊ ပစ္စည်းဥစ္စာအမွေ၊ ယဥ်ကျေးမှုဘာသာတရားအမွေစသည်အားဖြင့် များစွာရှိလေကြောင်းနှင့် မျိုးရိုးစဥ်ဆက်အရသော်လည်းကောင်း၊ သမိုင်းပေးတာဝန်အရသော်လည်းကောင်း စာပေ၊ အနုပညာ၊ ဘာသာတရား၊ ယဥ်ကျေးမှုစသည့်များစွာ အမွေအနှစ်တို့ကို လက်ဆင့်ကမ်းပေးဆောင်ကြမည်ဖြစ်ကြောင်း ဖတ်ကြားဆွေးနွေးပြီး (Book Club)အဖွဲ့ဝင် ဒေါ်စန်းသွယ်သွယ်ဝင်းက “နောင်တရမှာမကြောက်ပါနဲ့” ခေါင်းစဥ်ပါ မိမိလုပ်မိတဲ့အမှားကို အမှားမှန်းသိပြီး အဲဒီအမှားရဲ့နောက်မှာ အောင်မြင်ရေး၊ ချမ်းသာရေးလမ်းမှန်ကို လျှောက်လှမ်းနိုင်အောင်ကြိုစားနိုင်ရင် လူတော်လူကောင်း၊ လူလိမ္မာ၊ သူတော်စင်သူတော်ကောင်းများ ဖြစ်လာနိုင်ကြောင်း ဖတ်ကြားဆွေးနွေးသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အိအိမွန်က “မိတ်ဆွေကောင်းနှင့်ခရီးသွားပါ ” ခေါင်းစဥ်ပါ “စာအုပ်စာပေလူ့မိတ်ဆွေ”၊ “အလိမ္မာစာမှာရှိ” ဆိုသည့်အတိုင်း စာအုပ်စာပေအပေါ်မှာ နှစ်ခြိုက်ပျော်ဝင်သူတိုင်း၊ စာဖတ်ကြသူတိုင်း မိတ်ကောင်းဆွေကောင်းများ ပေါများကြွယ်ဝကြကြောင်း၊ အပြောင်းအလဲမြန်ဆန်ပြီး လိမ်ညာဟန်ဆောင်တတ်သော မိတ်ဆွေအတုတွေ များပြားလွန်းသော သက်ရှိလောကတွင် စာအုပ်စာပေဆိုသော သက်မဲ့မိတ်ဆွေသည် ရိုးသားဖြူစင်လွန်းပြီး မွန်မြတ်သန့်စင်ကြောင်း မိတ်ဆွေစစ်လည်းဖြစ်ပါကြောင်း စာအုပ်စာပေကိုလေ့လာဖတ်ရှုသူများသည် လူလိမ္မာလူတော်လေးများ ဖြစ်ပေါ်နိုင်စေကြောင်း ဆွေးနွေးပြောကြားကာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအဖွဲ့ဝင်များနှင့် (Youth Club) အဖွဲ့ဝင်များက သိလိုသည်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သီတာအောင်(မြစ်သား)