မိုင်းခုတ်မြို့၌ ရုံးပတီသီးများ ဈေးကောင်းရရှိ၍ စီးပွားဖြစ်စိုက်ပျိုး

မိုင်းခုတ် စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ရုံးပတီသီးများ ဈေးကောင်းရသဖြင့် မိသားစုတစ်ပိုင်တစ်နိုင်စိုက်ပျိုးရာမှ စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးလာကြောင်း အမှတ်(၂) ရပ်ကွက်၊ ဝမ်ဝိန်းရပ်မှ ရုံးပတီသီးစိုက်ပျိုးသူ ဦးမောင်ဦးက ပြောသည်။

ရုံးပတီသီးမစိုက်မီ ဘောင်တွေအရင်ဆုံးပြုပြင်ရပြီး စိုက်ဘောင်များအတွင်း မြေခံကြက်ချေး(သို့မဟုတ်)နွားချေးနှင့် ဆန်စက်မှရရှိသည့် ဖွဲမှုန့်များကို ရောစပ်ထည့်ပေးရကြောင်း၊ မျိုးစေ့များကိုတော့ အစေ့ချစနစ်ဖြင့် စိုက်ပျိုးကာ တစ်ပင်နဲ့တစ်ပင် တစ်တောင်ခွာစိုက်ပျိုးရကြောင်း၊ အပင်ကြီးထွားမှုနဲ့ လေဝင်လေထွက်ကောင်းရန် ဂရုစိုက်ရကြောင်း၊ (၁၅)ရက်အကြာတွင် ရွက်စားဆေးကို အသီးသီးသည်အထိ (၁၅)ရက်တစ်ကြိမ်ဖြန်းရကြောင်း၊ ရက်(၄၀)ခန့်အကြာတွင် စတင်အသီးသီးပြီး ရက်(၅၀)ဆိုရင် အသီးလှိုင်လှိုင်သီးကြောင်း၊ နှစ်ရက်ခြားတစ်ခါခူး၍ ရောင်းပြီး(၃)လကြာသည်အထိ ခူးဆွတ်ရောင်းချရကြောင်း ဦးမောင်ဦးက ပြောသည်။

အဆိုပါရုံးပတီသီးများသည် ရာသီမရွေးစိုက်ပျိုး၍ ရပြီးရုံးပတီးသီးအတောင့်(၁၅)လျှင် (၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ စိုက်ဧက၏ လေးပုံတစ်ပုံတွင် နှစ်ရက်ခြားတစ်ခါခူးပါက ပဲတောင့် (၃၀၀) မှ (၅၀၀)ကြား ခူးဆွတ်ရကြောင်း သိရသည်။ 

သီတာအေး(ပြန်/ဆက်)