“နိုင်ငံ့စီးပွားဖွံ့ဖြိုးဖို့ အသေးစားစက်မှုလက်မှုလုပ်ငန်းများကိုအားပေးတိုးမြှင့်ကြပါစို့”

ညောင်ဦး စက်တင်ဘာ ၁၄

နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးအခန်းကဏ္ဍသည် အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ စီးပွားရေးလမ်းစဉ်အရ ပို့ကုန်မြှင့်တင်ရေးနှင့်သွင်းကုန်လျှော့ချနိုင်ရေးကို ဦးတည်သင့်သည်။ ထို့ကြောင့်ကျွန်ုပ်တို့အနေဖြင့် သွင်းကုန်များအစားထိုးနိုင်ရေး ပို့ကုန်များ မြှင့်တင်နိုင်ရေးအတွက် နိုင်ငံတော်မှမဟာဗျူဟာမြောက် စီးပွားရေးစီမံချက်များဖြင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများကို လိုအပ်သလို ဖွဲ့စည်းထားရှိခဲ့ကြသည်။ ထိုဌာနအဖွဲ့အစည်းများထဲတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနလက်အောက်ရှိ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

သမိုင်းကြောင်း

၁၉၄၇ ခုနှစ်တွင် စက်မှုလက်မှုညွှန်ကြားရေးဌာနအဖြစ်သို့ တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် စက်မှုလက်မှုညွှန်ကြားရေးဌာနသည် ပုဂ္ဂလိကစက်မှုလုပ်ငန်း တိုးတက်ဖွံ့ဖြိုးရေးအတွက် လွှဲပြောင်းတာဝန်ယူခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် စက်မှုဝန်ကြီးဌာနလက်အောက် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၂၁.၂.၁၉၇၄ ခုနှစ်တွင် သမဝါယမဝန်ကြီးဌာနလက်အောက်သို့ ထပ်မံပြောင်းရွှေ့ခဲ့ပြီး ၃၀.၃.၁၉၇၆ ခုနှစ်တွင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းသည်။ ၁၉၈၂ ခုနှစ်တွင် ရက်ကန်းကျောင်း (၁၄) ကျောင်းကို ပညာရေးဝန်ကြီးဌာန၊ စက်မှုစိုက်ပျိုးရေးနှင့် သက်မွေးပညာဦးစီးဌာနလက်‌အောက်မှ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်အောက်သို့လွှဲပြောင်းခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကို ဦးစီးဌာနအဆင့် (၃) မှဦးစီးဌာန အဆင့်(၁)သို့ တိုးမြှင့်ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်၍ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအဖြစ် အမည်ပြောင်းလဲခဲ့ပါသည်။ ၁.၁.၂၀၁၅ ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ်များတွင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံး (၁၅)ရုံးကိုတိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ ဆောင်းဒါးရက်ကန်းကျောင်းအား ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာ သိပ္ပံအဖြစ်လည်းကောင်း၊ ရက်ကန်းကျောင်းများအား ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းများအဖြစ်လည်းကောင်း အဆင့်မြှင့်တင်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ်တွင် သမဝါယမဝန်ကြီးဌာနမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အောက်သို့ ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ၁၇.၆.၂၀၂၁ ခုနှစ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်သို့  ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်၃၀.၁၂.၂၀၂၁ ရက်နေ့တွင် ရုံးချုပ်ကို ဌာနခွဲ (၆)ခုမှ ဌာနခွဲ(၇)ခုဖြင့်လည်းကောင်း၊ စက်မှုလက်မှုအလုပ်ရုံ၊ မြန်မာ့လက်မှုအနုပညာစင်တာ (ရန်ကုန်/မန္တလေး)၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံး(၄၀)ရုံးကိုလည်းကောင်း တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ တိုင်းဒေသကြီး/ပြည်နယ်များ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး (၁၅)ရုံး၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံနှင့် ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းတို့အား ဖွဲ့စည်းပုံအင်အားပြင်ဆင်၍ အဆင့်မြှင့်တင်ဖွဲ့စည်းခဲ့ပါသည်။

မျှော်မှန်းချက်

အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည်ဟူသော မျှော်မှန်းချက်နှင့်အညီ ကျွန်ုပ်တို့သည် အသေးစားစီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွန်းလာနိုင်စေရန် အားပေးကူညီပေးပြီး နိုင်ငံ့စီးပွားရေးကို တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုပေးလျက်ရှိပါသည်။

ရည်မှန်းချက်နှင့်အညီလုပ်ငန်းဆောင်ရွက်ချက်

ကျေးလက်ဒေသထွက် ကုန်ကြမ်းများ အပေါ်အခြေခံသည့် အသေးစား စက်မှုလက်မှုလုပ်ငန်းများနှင့် မြန်မာ့ရိုးရာယွန်း၊ ရက်ကန်း၊ ပန်း(၁၀)မျိုးအပါအဝင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် တီထွင်ဆန်းသစ်နိုင်ရေး အားပေးကူညီရန်ဟူသော ရည်မှန်းချက်များဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ထိုကဲ့သို့သော အသေးစားစီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရန်အတွက် ကျွန်ုပ်တို့အနေဖြင့် နည်းပညာအထောက်အပံ့များ ဖြန့်ဝေပေးနိုင်ရန် ဦးစွာပထမလုပ်ဆောင်ကြရမည်။ ထို့ကြောင့် ကျွန်ုပ်တို့ဌာနအနေဖြင့် မြို့ပြနှင့်ကျေးလက်ဒေသရှိ ပြည်သူများအား အသက်မွေးဝမ်းကျောင်း ကာလတိုသင်တန်းများကို နှစ်စဉ်သင်ကြား ပို့ချပေးလျက်ရှိပါသည်။

အသက်မွေးဝမ်းကျောင်းကာလတိုသင်တန်းများဖြစ်သော စက်မှုဆိုင်ရာသင်တန်းများ၊ လက်မှုဆိုင်ရာသင်တန်းများ၊ ဒေသထွက်ကုန်များကို အခြေခံပြီး တန်ဖိုးမြှင့်စားသောက်ကုန် သင်တန်းများ၊ လူသုံးကုန်သင်တန်းများနှင့် ယွန်း/ရက်ကန်းနည်းပညာများကို အခမဲ့ပို့ချ ပေးလျက်ရှိပါသည်။ ဌာနမှဆောင်ရွက်နေသောလုပ်ငန်းများသည် ဦးတည်ချက် (၁၂)ရပ်အနက် စီးပွားရေးဦးတည်ချက်တွင်ပါဝင်သော “သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွာရေးလုပ်ငန်း (MSME) များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး”ဟူသည့် ဦးတည်ချက်များကို များစွာအထောက်အကူပြုစေပါသည်။ ထို့ကြောင့် နှစ်စဉ်စီမံကိန်း (Annual Planning) အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှ စတင်၍ “အသေးစားကုန်ထုတ်လုပ်ငန်း များဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း” ကို ခေါင်းစဉ်(၇) မျိုးခွဲ၍ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ကျေးရွာ(၁၅၅)ရွာတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ဒီစီမံကိန်းက ကျေးရွာတစ်ရွာမှာ ကိုယ်ပိုင်လုပ်ငန်းထူထောင်လိုသူ (၅)ဦးကို နည်းပညာသာမက တစ်ဦးလျှင် (၁၀)သိန်းကျပ်တန်ဖိုးရှိ ရင်းနှီးပစ္စည်းများ မတည်ထူထောင်ပေးမည်ဖြစ်ပြီး ကျေးရွာပေါင်း (၁၅၅)ရွာတွင် အသေးစားလုပ်ငန်းရှင် စုစုပေါင်း (၇၇၅)ဦး ပေါ်ထွန်းလာမှာဖြစ်ပါတယ်။ ၎င်းအသေးစားလုပ်ငန်းရှင် (၇၇၅)ဦးကို ဌာနမှ အသေးစား စက်မှုလက်မှုလုပ်ငန်းများအဖြစ် လုပ်ငန်းမှတ်ပုံတင်များ ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရှိ ကျေးရွာ  အနှံ့အပြားတွင် အသေးစားကိုယ်ပိုင်လုပ်ငန်းရှင်များ ပေါ်ပေါက်လာစေခြင်းဖြင့် ကျေးလက်နှင့်မြို့ပြ၏ကွာခြားမှုကို လျှော့ချစေနိုင်မှာဖြစ်ပါတယ်။ 

မှတ်ပုံတင်ခြင်း  

အသေးစားစက်မှုလက်မှုလုပ်ငန်းဆိုတာကို ရှင်းပြရမည်ဆိုလျှင် “မိသားဝင်များဖြင့်သော်လည်းကောင်း၊ အလုပ်သမားငှားရမ်း အသုံးပြု၍ သော်လည်းကောင်း၊ စုပေါင်း၍ သော်လည်းကောင်း၊ ကုန်ပစ္စည်းထုတ်လုပ်သည့် သို့မဟုတ် ပြုပြင်မွမ်းမံသည့် မြင်းကောင်ရေ ၀.၂၅ နှင့်အထက်၊ ၅ကောင်အားနှင့်အောက် အသုံးပြုသည့် အလုပ်သမား ၉ ဦးထက်မပိုသော အိမ်တွင်းစက်မှုလုပ်ငန်းနှင့် အလုပ်သမား ၃ ဦးနှင့်အထက်ရှိသော အိမ်တွင်းလက်မှုလုပ်ငန်းများ ” ကို ဆိုလိုတာဖြစ်ပါတယ်။ အသေးစားစက်မှုလက်မှုလုပ်ငန်းအဖြစ် အကျုံးဝင်သောလုပ်ငန်းရှင်များကို ဉပဒေနှင့်အညီ စနစ်တကျမှတ်ပုံတင်ပေးပြီး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ထိုကဲ့သို့ မှတ်ပုံတင်ထားခြင်းဖြင့် ဦးစီးဌာနနှင့် အစိုးရဌာနများက အခါအားလျော်စွာ သက်မှတ်ပေးတဲ့ အခြားအခွင့်အရေးများကိုလဲ ခံစားကြရမှာဖြစ်တယ်။ ဒီနှစ်မှာလဲ  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် MSME လုပ်ငန်းရှင်များကို လုပ်ငန်းများတိုးချဲ့စေရန် ရည်ရွယ်ပြီး ချေးငွေများပေးအပ်ခဲ့ပါတယ်။ ညောင်ဦးခရိုင်အတွင်းမှာရှိတဲ့ MSME လုပ်ငန်းရှင်များလဲ အပါအဝင်ဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းရှင်များအနေဖြင့် နည်းပညာအထောက်အပံ့များ၊ ပြပွဲပြိုင်ပွဲများတွင် ၎င်းတို့ ထုတ်ကုန်များကို ပါဝင်ပြသခြင်းဖြင့် ဈေးကွက်တိုးချဲ့ခြင်း မျိုးတူစုလုပ်ငန်းရှင်အသင်းများ ဖွဲ့စည်း၍ ဆွေးနွေးတိုင်ပင်ခြင်းများနှင့် အခြားသောစီးပွားရေး တိုးတက်ရာတိုးတက်ကြောင်း အခွင့်အလမ်းများနှင့်ဆိုင်သော ခံစားခွင့်များလည်းရရှိကြမှာဖြစ်ပါတယ်။

နှိုးဆော်လွှာ

နိုင်ငံတော်၏ စီးပွားရေးတွင် အဓိကကျောရိုးသဖွယ်ဖြစ်သည့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လုပ်ငန်းရှင်တစ်ဦးစီ၏ ရပိုင်ခွင့်အခွင့်အရေး များမဆုံးရှုံးစေရန်အတွက် နိုင်ငံကြီးသားပီသစွာဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ (small scale industries)ကို ဉပဒေ၊ နည်းဉပဒေနှင့်အညီ စနစ်တကျမှတ်ပုံတင်ကြရန် ဖိတ်ခေါ်ထားပေသည်။

ဓာတ်ခွဲစစ်ဆေးခြင်း

အသေးစားစက်မှုလက်မှုထုတ်ကုန်များ အရည်အသွေးပြည့်မီပြီး သုံးစွဲသူများ ဘေးဉပါဒ်အန္တရာယ်ကင်းရှင်းရေးအတွက် ခေတ်မီဓာတ်ခွဲခန်းသုံး စက်ပစ္စည်းကိရိယာများဖြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးလျက်ရှိပြီး အများပြည်သူများ၏ကောင်းကျိုးကို ရှေးရှု၍ ဆောင်ရွက်ပေးနေပါတယ်။

ထို့ကြောင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးဖို့ အသေးစားစက်မှုလက်မှုလုပ်ငန်းများကိုအားပေးတိုးမြှင့်ကြပါစို့။

ဒီပါလင်း