မိုင်းဆတ် စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုများအား သားစဉ်မြေးဆက် အမြတ်တနိုးတန်ဖိုးထားတတ်စေရန်နှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်စေရန် (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက ဇိအုန်ဟိုတယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ်အေးမင်းဦးက အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး၊ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ ထိန်းသိမ်းဖော်ဆောင်နိုင်ရေးနှင့် နိုင်ငံချစ်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်များ နိုးကြားတက်ကြွစေပြီး ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ယဉ်ကျေးမှုကဏ္ဍမှ အထောက်အကူပေးနိုင်ရန်ရည်ရွယ်၍ (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ရှည်လျားသည့် ယဉ်ကျေးမှုသမိုင်းကြောင်းနှင့် ပြည့်စုံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ မျိုးဆက်သစ်များအနေဖြင့် ယခုပြိုင်ပွဲမှရရှိသည့် အောင်မြင်မှုများနှင့်အတူ အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်သွားကြရန်နှင့် အတူတကွပြိုင်ပွဲဝင်ကြမည့် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေရေး ဆက်လက်ကြိုးစားတည်ဆောက်သွားစေလိုကြောင်း၊ မိမိတို့ယဉ်ကျေးမှု၊ မိမိတို့ဓလေ့ထုံးစံမှသည် မိမိတို့နိုင်ငံ၊ မိမိတို့နိုင်ငံသားများအပေါ် မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ခိုင်မာရေးကို ဆက်လက်သယ်ဆောင် လက်ဆင့်ကမ်းကြရန်လိုကြောင်း စသည်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ကြရာ မိုင်းဆတ်ခရိုင်အတွင်းရှိ အဆို၊ အက၊ အရေး၊ အတီး ဝါသနာရှင်များက ပါဝင်ယှဉ်ပြိုင်ကြပြီး အဆိုပါ(၂၄)ကြိမ်မြောက် ခရိုင်အဆင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ကြွရောက်လာသော ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ဧည့်ပရိတ်သတ်များအား လားဟူ၊ ရှမ်း၊ အာခါတိုင်းရင်းသား ရိုးရာအကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြသည်။
ဆက်လက်၍ (၂၄) ကြိမ်မြောက် ခရိုင်အဆင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင်ဆုရရှိသူများအား နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ်အေးမင်းဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် တာဝန်ရှိသူတို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
မြင့်မောင်(ပြန်/ဆက်)