မြောက်ဥက္ကလာပ စက်တင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကမ္ဘာတစ်ဝှမ်းတွင် အမျိုးသမီးများ၌ စတုတ္ထမြောက်ဖြစ်ပွားမှုများပြီး အသက်ဆုံးရှုံးမှုများသည့်ရောဂါဖြစ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါကိုကာကွယ်နိုင်ရန်ရည်ရွယ်ချက်ဖြင့် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများအဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေး မြို့နယ်အဆင့်သာအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်း အသိပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန် က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာလဲ့ညိုဝင်းက သားအိမ်ခေါင်းရောဂါကာကွယ်ဆေးကို (၁-၉-၂၀၁၁) မှ (၃၁-၈-၂၀၂၄) အတွင်း မွေးဖွားသူ အမျိုးသမီးငယ်များကို ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ဆေးအမျိုးအစားမှာ WHO မှ အသိအမှတ်ပြုထားသည့် Gardasil အမည်ရှိ အရည်အသွေးကောင်းမွန်သည့် ဆေးဖြစ်ကြောင်း၊ ပြင်ပတွင်ထိုးနှံပါက ကုန်ကျစရိတ်များပြားသည့်အတွက် နိုင်ငံတော်မှအခမဲ့အစီအစဥ်ဖြင့် ကျောင်းအခြေပြုထိုးနှံရာတွင်လည်းကောင်း၊ ရပ်ရွာအတွင်းအခြေပြု ထိုးနှံရာတွင်လည်းကောင်း မပျက်မကွက်ထိုးနှံသွားရန် တိုက်တွန်းလိုကြောင်း၊ အခြေခံပညာကျောင်းများအနေဖြင့် ကာကွယ်ဆေးထိုးနှံရန် အသက်ပြည့်မီသူများအား သတ်မှတ်ပုံစံများဖြင့် စာရင်းကောက်ယူပေးထားရန်လိုကြောင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့်လည်း ရပ်ရွာအတွင်းကာကွယ်ဆေးထိုးနှံရမည့် အမျိုးသမီးငယ်များမကျန်ရှိစေရေး စာရင်းကောက်ယူခြင်းနှင့် နှိုးဆော်ပေးခြင်းများကို ဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက သားအိမ်ခေါင်းကင်ဆာရောဂါနှင့်ပတ်သက်၍ သိလိုသည်များ၊ ကာကွယ်ဆေးနှင့်ပတ်သက်သည့် လိုက်နာဖွယ်ရာများ၊ ကာကွယ်ဆေးထိုးအစီအစဥ်နှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)