မြေပုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ လူငယ်နှင့် ပညာရေး အသိပညာပေး Talk Show ပြုလုပ်

မြေပုံ စက်တင်ဘာ ၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က လူငယ်နှင့်ပညာရေး အသိပညာပေး Talk Show ပြုလုပ်သည်။

Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်သိရီဟေမာန်က ယနေ့ခေတ်လူငယ်များတွင် ပညာရေးအလွန်အရေးပါပုံနှင့် ပတ်သက်၍ ပျော်ရွှင်တည်ငြိမ်သောဘဝ၊ တန်းတူညီမျှမှု၊ အိမ်မက်များကို အကောင်အထည်ဖော်နိုင်ခြင်း၊ လိမ်လည်ခံရမှုမှ ကာကွယ်နိုင်သည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် မြို့နယ်ဒုတိယဦးစီးမှူး ဦးမောင်နီချေက ယနေ့လူငယ်များ၏ အခန်းကဏ္ဍတွင် ပညာရေးသည် အကောင်းနှင့်အဆိုးကို ခွဲခြားသိရှိနိုင်ခြင်း၊ ကောင်းမွန်သော အလုပ်အကိုင်များ ရရှိရန် အခွင့်အလမ်းများခြင်း၊ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချမှတ်နိုင်ခြင်း၊ မိမိစိတ်ကူးအိမ်မက်များကို ပညာရေးဖြင့် အကောင်အထည်ဖော်နိုင်ခြင်းစသည်တို့ကို အပြန်အလှန် ဆွေးနွေးသည်။

ယနေ့လူငယ်အနေဖြင့် စာပေဗဟုသုတ၊ စာပေချစ်မြတ်နိုးစိတ်များကို သိရှိနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ပညာရေးနှင့် ပတ်သက်သော စာအုပ်စာပေများ ဖတ်ရှု လေ့လာနိုင်ကြောင်းနှင့် လူငယ်များအတွက် အသိပညာပေး အစီအစဉ်များကိုလည်း လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်ဝင်း(ပြန်/ဆက်)